ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 30 May 2012

နိယတယောဂီနှင့် အနိယတယောဂီ

မိမိတို့၏ ယှဉ်ဖက်စိတ်ဖြစ်တိုင်း အမြဲယှဉ်ကြသော စေတသိက်များကို `နိယတယောဂီ´ဟု ခေါ်၏။ မိမိတို့၏ ယှဉ်ဖက်စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်သည့်အခါ၌သာ ယှဉ်ကြသော စေတသိက်များကို `အနိယတယောဂီ´ဟု ခေါ်၏။

အနိယတယောဂီ ၁၁-ပါး = ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ မာန၊ ထိန၊ မိဒ္ဓ၊ ၀ိရတိ ၃-ပါးနှင့် အပ္ပမညာ ၂-ပါး။
နိယတယောဂီ ၄၁-ပါး = အနိယတယောဂီ ၁၁-ပါးမှ ကြွင်းသည့် စေတသိက်များ။

အနိယတယောဂီယှဉ်ပုံ
၁။ ဣဿာ၊ မစ္ဆရိယနှင့် ကုက္ကုစ္စတို့သည် ဒေါသမူစိတ် ၂-ပါး၌ ယှဉ်ကြသည် ဆိုသော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း မယှဉ်ကြပါ။

သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူသောအခါ ဣဿာ ယှဉ်၏။ ထိုအခါ မစ္ဆရိယနှင့် ကုက္ကုစ္စတို့ မယှဉ်ကြချေ။ မိမိ၏ စည်းစိမ်ချမ်းသာကို လျှို့ဝှက်သောအခါ မစ္ဆရိယယှဉ်၏။ ထိုအခါ ဣဿာနှင့် ကုက္ကုစ္စတို့ မယှဉ်ကြချေ။ ပြုခဲ့မိသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်သောအခါ ကုက္ကုစ္စယှဉ်၏။ ထိုအခါ ဣဿာနှင့် မစ္ဆရိယတို့ မယှဉ်ကြချေ။ ဤသို့ တစ်သီးတစ်ခြားစီယှဉ်ခြင်းကို `နာနာ´နည်းဖြင့် ယှဉ်သည်ဟု ခေါ်၏။

ဣဿာသည် သူတစ်ပါးစည်းစိမ်ကို ငြူစူသောအခါ၌သာ ယှဉ်၏။ မငြူစူသည့်အခါ၌ မယှဉ်ချေ။ မစ္ဆရိယသည် မိမိ၏စည်းစိမ်ချမ်းသာကို လျှို့ဝှက်သောအခါ၌သာ ယှဉ်၏။ မလျှို့ဝှက်သောအခါ၌ မယှဉ်ချေ။ ကုက္ကုစ္စသည် ပြုခဲ့ပြီးသော ဒုစရိုက်၊ မပြုခဲ့မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်သည့်အခါ၌သာ ယှဉ်၏။ မပူပန်သည့်အခါ၌ မယှဉ်ချေ။ ဤသို့ ဆိုင်ရာအကြောင်းညီညွတ်ပါမှ စေတသိက်ယှဉ်လာခြင်းကို `ကဒါစိ´နည်းဖြင့် ယှဉ်သည်ဟု ခေါ်၏။

၂။ မာနသည် လောဘမူ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်ကြသည်ဆိုသော်လည်း ထောင်လွှား ၀င့်ကြွားသော အခါ၌သာ ယှဉ်၏၊ မထောင်လွှားသည့်အခါ မယှဉ်ကြပါ။

၃။ ထိနနှင့် မိဒ္ဓတို့သည် အကုသလသသင်္ခါရိကစိတ် ၅-ပါး၌ ယှဉ်ကြသည် ဆိုသော်လည်း စိတ်စေတသိက်တို့ လေးလံထိုင်းမိုင်းသော အခါ၌သာ တစ်ပေါင်းတည်းယှဉ်ကြ၏၊ စိတ်စေတသိက်တို့ ခံ့ကျန်းလန်းဆန်းနေသည့်အခါ မယှဉ်ကြပါ။

၎။ ၀ိရတိ ၃-ပါးတို့သည် မိမိတို့၏ ဆိုင်ရာကိစ္စများကို ဆောင်ရွက်သည့်အခါ၌ နာနာ-ကဒါစိ နည်းဖြင့် ယှဉ်ကြ၏။

၅။ အပ္ပမညာ ၂-ပါးတို့သည်လည်း နာနာ-ကဒါစိနည်းဖြင့် ယှဉ်ကြ၏။ ကရုဏာသည် ဆင်းရဲသော သတ္တ၀ါကို အာရုံပြု၍ သနားကြင်နာစိတ် ဖြစ်သည့်အခါ၌သာ ယှဉ်၏။ မုဒိတာသည် ချမ်းသာသော သတ္တ၀ါတို့ အာရုံပြု၍ ၀မ်းမြောက်သောအခါ၌သာ ယှဉ်၏။

လက်တွေ့စိစစ်ပုံ
၁။ ဟင်းမကောင်း၍ မကျေနပ်ဖြစ်ကာ စိတ်တိုနေသောသူ၌ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်၏။ ထိုစိတ်၌ ပီတိကြဉ်သည့် အညသာမန်း စေတသိက် ၁၂-ပါး၊ မောစတုက် ၄-ပါးနှင့် ဒေါသဟူ၍ စေတသိက် ၁၇-ပါး ယှဉ်ပါသည်။ (ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့ မယှသ်ကြချေ။)

၂။ မိမိ၏ လုပ်ဖော်ကိုင်ဖက်က ရာထူးတိုးပြီး မိမိက ရာထူးမတိုးသဖြင့် မနာလိုငြူစူနေသော သူ၌ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်ပင် ဖြစ်၏။ သို့သော် အထက်က စေတသိက် ၁၇-ပါးအပြင် ဣဿာပါ ယှဉ်သဖြင့် စုစုပေါင်း စေတသိက် ၁၈-ပါး ယှဉ်၏။

၃။ မလှူချင် မတန်းချင် တွန့်တိုစေးနဲမူဖြင့် စိတ်ဆင်းရဲနေသူ၌ အထက်ပါ ဒေါသမူစိတ်ပင် ဖြစ်၏။ သို့သော် ဤအကြိမ်တွင် ဣဿာအစား မစ္ဆရိယယှဉ်ပြီး စုစုပေါင်း စေတသိက် ၁၈-ပါး ယှဉ်၏။

၎။ စေတီပုထိုး၌ ကံ၏အကျိုးကို ယုံကြည်လျက် ၀မ်းမြောက်စွာ ဆီမီးပူဇော်နေသူ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ဖြစ်၏။ ထိုစိတ်တွင် အညသမာန်း စေတသိက် ၁၃-ပါး၊ သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး၊ ပညိနြေ္ဒ စေတသိက်ဟူ၍ စေတသိက် ၃၃-ပါး ယှဉ်ပါသည်။ (၀ိရတိ ၃-ပါးနှင့် အပ္ပမညာ ၂-ပါးတို့ မယှဉ်ကြချေ။)

၅။ အံဆွဲမှ ငွေ ၅၅-ကျပ်ယူလိုက်ကြောင်းကို လိမ်ညာပြောဆိုလျှင် အပြစ်ရှိမှန်းသိ၍ ၀မ်းမြောက်ဝမန်းနည်းမဖြစ်ဘဲ ၀န်ခံသည့်သဘောဖြင့် ဆိတ်ဆိတ်နေသူ၌ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ဖြစ်၏။ ဤစိတ်တွင် ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၂-ပါး၊ သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး၊ ပညိနြေ္ဒ ၁-ပါးဟူ၍ စေတသိက် ၃၂-ပါး ယှဉ်ပါသည်။

၆။ ကားတိုက်ထားသော ခွေးတစ်ကောင်ကို မြင်၍ သနားကြင်နာနေသော ကလေးသူငယ်၌ ၀မ်းမြောက် ရွှင်လန်းခြင်း မရှိသဖြင့် `ဥပေက္ခာသဟဂုတ် ဉာဏ၀ိပ္ပယုတ် အသင်္ခါရိကစိတ်´ ဖြစ်၏။

ဤစိတ်၌ ပီတိကြဉ်သည် အညသမာန်း စေတသိက် ၁၂-ပါး၊ သောဘဏသာဓာရဏ ၁၉-ပါး၊ ကရုဏာ ၁-ပါးဟူ၍ စေတသိက် ၃၂-ပါး ယှဉ်၏။

(ကလေးဖြစ်၍ ကံ-ကံ၏အကျိုးကို သိသောဉာဏ်မရှိသေဟု ယူဆ၏။)

၇။ သူငယ်ချင်းက သိန်းဆုပေါက်သည်ကို ကံ-ကံဒအကျိုးကို မစဉ်းစားမိသော်လည်း ရိုးသားစွာ ၀မ်းမြောက် ၀မ်းသာ ဖြစ်နေသူ၌ သောမနဿသဟဂုတ် ဉာဏ်ဝိပ္ပယုတ် အသင်္ခါရိကစိတ် ဖြစ်၏။ ဤစိတ်တွင် အညသမာန်း စေတသိက် ၁၃-ပါး၊ သောဘဏသာဓာရဏ ၁၉-ပါး၊ မုဒိတာ ၁-ပါးဟူ၍ စေတသိက် ၃၃-ပါး ယှဉ်၏။

၈။ ကသိုဏ်းနိမိတ်ကို အာရုံပြု၍ စတုတ္ထဈာန်ဝင်စားနေသူ၌ ရူပါဝစရစတုတ္ထဈာန် စိတ်ဖြစ်၏။ ထိုစိတ်၌ ၀ိတက်၊ ၀ိစာရ၊ ပီတိကြဉ်သော အညသမာန်း စေတသိက် ၁၀-ပါး၊ ၀ိရတိ, အပ္ပမညာကြဉ်သော သောဘဏစေတသိက် ၂၀၊ ပေါင်း စေတသိက် ၃၀-ပါး ယှဉ်ကြပါသည်။

၉။ နိဗ္ဗာန်ကို အာရုံပြု၍ သောတာပတ္တိဖိုလ် ၀င်စားနေသော ဈာန်မရသည့် သောတာပန်၌ လောကုတ္တရာဝိပါက် ဖြစ်သည့် သောတာပတ္တိဖိုလ်စိတ် ဖြစ်၏။ ထိုစိတ်၌ အညသမာန်း စေတသိက် ၁၃-ပါး၊ အပ္ပမညာကြဉ်သော သောဘဏ စေတသိက် ၂၃-ပါး၊ ပေါင်းစေတသိက် ၃၆-ပါး ယှဉ်၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment