ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

အသုဘကမ္မဋ္ဌာန်းပွားများနည်း

အသုးဘကမ္မဋ္ဌာန်းကား အလောင်းကောင်၏ အနေအထားပြောင်းလဲမူအရ (၁၀)ပါးရှိသည်။ ထို(၁၀)ပါး၏ အကျဉ်းချုပ် အဓိပ္ပါယ်ကို သမထကမ္မဋ္ဌာန်း (၄၀)တွင် ဖော်ပြခဲ့ပြီးဖြစ်သဖြင့် အသုဘကမ္မဋ္ဌာန်း ရူပွားပုံကိုသာ ဤ၌ပြဆိုမည်။

အသုဘကမ္မဋ္ဌာန်း စီးဖြန်းမည့်သူသည် အသုဘကောင်ရှိရာ အရပ်ကို ရှေးဦးစွာ စုံစမ်းလေ့လာရမည်။ မည်သည့်နေရာတွင် အသုဘကောင်ရှိသည်ဟု သတင်းစကား ကြားရသောအခါတွင်လည်း အလျင်စလို မသွားသင့်ချေ။ အကြောင်းမူ၊ ဘီလူး သားရဲ အစရှိသော ဘေးအန္တရာယ်များနှင့် တွေ့ကြုံရတတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် အသုဘကောင်ရှိရာသို့ မသွားမီ ကြိုတင် အသိပေးသင့်သည့် ပုဂ္ဂိုလ်များကိုလည်း ကြိုတင်အသိပေးသင့်သည်။ ထိုသို့ အသိပေးထားခြင်းဖြင့် ဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့်အခါ၌ ကူညီစောင့်ရှောက်မူ ရရှိနိုင်မည်ဖြစ်သည်။

အသုဘကောင်ရှိရာသို့ သွားသောအခါ မိမိစီးဖြန်ေးနကျ ကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းဆင်ခြင်ကာ တုတ်၊ တောင်ဝှေး ကိုင်ဆောင်လျက် မိမိသွားသည် လမ်းကြောင်းတစ်လျှောက်၌ အမှတ်အသားပြု၍ သွားရမည်။ အထူးသဖြင့် အသုဘကောင်၏ လေညာ(လေတင်)ဘက်မှ သွားရမည်။ မလွှဲမရှောင်သာ၍ လေအောက်မှသွားရလျှင် အ၀တ်ဖြင့် နှာခေါင်းကို ပိတ်လျက် သွားရမည်။ အသုဘကောင်ရှိရာသို့ ရောက်သည့်အခါ အသုဘကောင်၏ လေညာဘက်မှ ဖြစ်စေ၊ လေကြေ(လေအောက်)ဘက်မှ ဖြစ်စေ၊ ခေါင်းရင်ဘက်မှ ဖြစ်စေ၊ ခြေရင်းဘက်မှ ဖြစ်စေ၊ မထိုင်မူ၍ အသုဘကောင်နှင့် မနီးမဝေး ခြေရင်းမကျ ခေါင်းမကျသော အသုဘကောင်၏ ဗဟိုချက်ကျသည့် နေရာ၌ ထိုင်ရမည်။

အသုဘကမ္မဋ္ဌာန်းရူမည့် ပုဂ္ဂိုလ်သည် အသုဘကမ္မဋ္ဌာန်းရူရန် သင့်လျော်ရာ နေရာ၌ ထိုင်ပြီးနောက် အသုဘကောင်၏ ပတ်ဝန်းကျင်ရှိ သစ်ပင် သသစ်ငုတ် ခြုံနွယ် ကျောက်ခဲ တောင်ပို့ အစရှိသော အရာဝတ္ထုများနှင့် အသုဘကောင်ကို `ဤကား အသုဘကောင်၊ ဤကား သစ်ပင်ဟု အရာဝတ္ထုများနှင့် အလောင်းကောင်ကို တွဲ၍ ကွဲပြားအောင် အပြန်အလှန် မှတ်သားရမည်။

ထိုသို့ မှတ်သားပြီးနောက် အသုဘကောင်၏ အဆင်း(၀ဏ္ဏ)၊ အရွယ်(လိင်္ဂ)၊ ပုံသဏ္ဌာန်(သဏ္ဌာန)၊ အရပ်မျက်နှာ(ဒိသာ)၊ တည်ရာ(သြကာသ)၊ ပိုင်းခြားချက်(ပရိစ္ဆေဒ) ဟူသော အချက်အလက် (၆)မျိုးတို့ဖြင့် အသုဘအာရုံထင်မြင်လာအောင် ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -

ဤအသုဘကောင်သည် အသားဖြူသူ၊ မဲသူ၏ အသုဘကောင်တည်း(၀ဏ္ဏ)၊ ဤကား ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ရှိသူ၏ အသုဘကောင်တည်း(လိင်္ဂ)၊ ဤကား အသုဘကောင်၏ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ရင်ဘတ်၊ ချက်၊ တင်ပါး၊ ပေါင်း၊ ခြေသလုံး၊ ခြေချောင်းတည်း(သဏ္ဌာန)၊ ဤကား အသုဘကောင်၏ အလယ်ပိုင်း၊ ဤကားအောက်ပိုင်းတည်း၊ တစ်နည်း ငါကားမြောက်ဘက် အရပ်၌ထိုင်၍၊ အသုဘကောင်ကား ငါ၏ တောင်ဘက် အရပ်၌ ရှိသည်(ဒိသာ)၊ အသုဘကောင်၏ လက်၊ ခြေ၊ ဦးခေါင်းစသည်တို့ကား ဤမည်သောနေရာ၌ တည်ရှိသည်(သြကာသ)၊ ဤအသုဘကောင်ကား အောက်ပိုင်း၌ ခြေဖ၀ါး၊ အလယ်ပိုင်း၌ ဆံပင်များ၊ ခန္ဓာကိုယ် ပတ်ဝန်းကျင်၌ အရေပြားတို့ဖြင့် ပိုင်းခြားထား၍ စက်ဆုပ်ဖွယ် အပုပ်နံ့တို့ဖြင့် ပြည့်နှက်နေသည်(ပရိစ္ဆေဒ) - ဟု ရူမှတ်စီးဖြန်းရ မည်။

ဖော်ပြပါ အချက်အလက်(၆)မျိုးဖြင့် ရူမှတ်စီးဖြန်း၍ အသုဘအာရုံ မထင်မြင်သေးလျှင် အသုဘအာရုံ(နိမိတ်) ထင်မြင်လာစေရန် အသုဘကောင်၏ အဆက်အစပ်(သန္ဓိ)၊ အပေါက်အကြား(၀ိဝရ)၊ အနိမ့်အချိုင့်(နိန္န)၊ အမြင့်အမောက်(ထလ)၊ ပတ်ဝန်းကျင်(သမန္တ)ဟူသော အချက်အလက်(၅)မျိုးတို့ဖြင့် ဆက်လက်ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -

ဤကား အသုဘကောင်၏ လည်ပင်အစပ်၊ တံတောင်ဆစ်အစပ်၊ လက်ကောက်ဝတ်အစပ်၊ ခါးအစပ်၊ ကျောရိုးအစပ်၊ ပေါင်ဆစ်အစပ်၊ ဒူးဆစ်အစပ်၊ ခြေကျင်းဝတ်အစပ်တည်း(သန္ဓိ)၊ ဤကား အသုဘကောင်၏ ချိုင်းကြား၊ ခြေထောက်နှစ်ခုအကြား၊ ချက်နှင့်ဝမ်းဗိုက်အကြား၊ နားပေါက်အကြား၊ ဤကားအသုဘကောင်၏ မျက်စိမှိတ်နေခြင်း၊ ပွင့်နေခြင်း၊ ခံတွင်းပိတ်နေခြင်း၊ ပွင့်နေခြင်းတည်း(၀ိဝရ)၊ ဤကား အသုဘကောင်၏ မျက်တွင်းချိုင့်၊ ပါးစပ်တွင်းချိုင့်၊ လည်ပင်းချိုင့် စသည်တည်း(နိန္န)၊ ဤကား အသုဘကောင်၏ မြင့်မောက်နေသော ဒူးဆစ်၊ ရင်ဘတ်၊ နဖူးတည်း(ထလ)၊ ဤကား မတင့်တယ် စက်ဆုပ်ဖွယ် ဖူးဖူးရောင် နေသော အသုဘကောင်တည်းဟု အသုဘကောင်၏ တစ်ကိုယ်လုံးကို ဖြစ်စေ၊ ဤကား ဖူးဖူးရောင်နေသော အသုဘကောင်၏ ကိုယ်အထက်ပိုင်းတည်းဟု အသုဘကောင်၏ ဖူးဖူးရောင်လွယ်သော ခန္ဓာကိုယ် အထက်ပိုင်းကိုဖြစ်စေ၊ ဤကား ရောင်နေသော အသုဘကောင်၏ ၀မ်းဗိုက်တည်းဟု ဖူးဖူးအရောင်ဆုံးနေရာ ၀မ်းဗိုက်ကို ဖြစ်စေ (သမန္တ)ရူမှတ် စီးဖြန်းရပါမည်။

ဤကား သေပြီးနောက် နှစ်ရက်၊ သုံးရက်အကြာတွင် ဖူးဖူးရောင်နေသော အသုဘကောင် (ဥဒ္ဓုမာတက)ကို ရူမှတ်ပုံဖြစ်သည်။

အသုဘကောင်သည် ဖူးဖူးရောင်ပြီးနောက် နီ ဖြူ ညို မဲစသော အကွက်များဖြစ်ပေါ်လျက် စက်စုပ်ဖွယ် အခြေအနေသို့ ရောက်ရှိလာလျှင် `၀ိနီလကံ - အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ ယေဘုယျအားဖြင့် ညိုမည်းဟောင်းပုပ် စက်ဆုပ်ဖွယ်သော အသုဘကောင်´ဟု လည်းကောင်း၊

ထို့နောက် အသုဘကောင်သည် ဖြူ နီ ညိုကွက် ထရုံသာမက ပြည်များ ယိုစီးထွက်ကျလာလျှင် `၀ိပုဗ္ဗကံ - ပြည်များပေါက်ကွဲယိုကျနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

နှစ်ပိုင်းပြတ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိစ္ဆိဒ္ဒကံ - နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ခွေး၊ ဠင်းတ၊ ကျီးတို့ ကိုက်ခဲ စားသောက်ထားသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခာယိတကံ - ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ကိုက်ခဲ စားသောက်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ခြေ၊ လက်စသော အင်္ဂါအစိတ်အပိုင်းများ တကွဲတပြားစီ ဖြစ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခိတ္တကံ - လက် ခြေ ဦးခေါင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တကွဲတပြား ဖြစ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ဓား စသည်ဖြင့် ခွဲ၍ သတ်ဖြတ်ခံထား၇သော အသုဘကောင်ဖြစ်လျှင် `ဟတ ၀ိက္ခိတ္တကံ - အင်္ဂါကြီးငယ်တို့ကို ဓား စသော လက်နက်ဖြင့် ခွဲ၍ သတ်ဖြတ် စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

နီတွေးသော သွေးများ ပေကျံလျက်နေသော အလောင်းကောင်ဖြစ်လျှင် `လောဟိတကံ - တကိယ်လုံး၌ သွေးများ ယိုထွက် ပေကျံနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

ပိုးလောက်များ ထွက်ကျနေသော အသုဘကောင်ဖြစ်လျှင် `ပုဠုဝကံ - တစ်ကိုယ်လုံး၌ ပိုးလောက်တို့ ပြန့်ကျဲနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊

အရိုးစုသာ ကျန်တော့သော အသုဘကောင်ဖြစ်လျှင် `အဋ္ဌိကံ - စက်ဆုပ်ဖွယ် အရိုးစု အသုဘကောင်´ဟု လည်းကောင်း၊ အသီးသီး ရူမှတ်စီးဖြန်းရမည်။

ဤသို့ အသုဘကမ္မဋ္ဌာန်း ရူမှတ်စီးဖြန်းစဉ် မိမိ ရူမှတ်စီးဖြန်းနေသော `အသုဘကောင်သည် ထ၍ ရပ်လာသည်၊ မိမိအပေါ် မိုးထားသည်၊ မိမိနောက်မှ တကောက်ကောက် လိုက်လာသည်´ဟု စိတ်တွင် ထင်မြင်၍ ကြောက်လန့်တုန်လူပ်ကာ အရူးသဖွယ် ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိစိတ်ကို သတိဖြင့် ထိန်းလျက် `ကျောက်ခဲ တောင်ပို့ သစ်ပင် အစရှိသော သက်မဲ့အရာဝတ္တုတို့သည် မသွား မလာ တည်မြဲနေရာ၌သာ တည်ရှိနေကြသကဲ့သို့ အသုဘကောင်သည်လည်း ထ၍ လိုက်မလာနိုင်ချေ။ စင်စစ် အသုဘကမ္မဋ္ဌာန်းအာရုံ ထင်မြင်လာခြင်းသာ ဖြစ်ပေသည်´ဟု နှလုံးသွင်းဆင်ခြင်ရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment