ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 May 2012

ပါမောက္ခနှင့် အဘိုးကြီးပမာ

ပုံပြင်ကလေးတစ်ခုရှိပါတယ်။ အသက်အရွယ်ကတော့ ခပ်ငယ်ငယ်ပဲရှိသေးတဲ့ လောကပညာအရည်အချင်းတွေ သိပ်ပြီးပြည့်စုံနေတဲ့ ဘွဲ့ထူးတွေ တသီတတန်းကြီးနဲ့ ပါမောက္ခတစ်ဦးဟာ သင်္ဘောနဲ့ ပင်လယ်ခရီးထွက်လာပါတယ်။ သင်္ဘောပေါ်မှာ ပညာဆိုလို့ လုံးဝမတတ်တဲ့ သင်္ဘောသားအဘိုးကြီးတစ်ဦးလည်း ပါပါတယ်။ အဘိုးကြီးက ပါမောက္ခရှိတဲ့အခန်းကို လာပြီးသူပြောတဲ့ စာပေစကားတွေကို နားထောင်လေ့ရှိပါတယ်။ ပါမောက္ခကို အတော်လည်း အထင်ကြီးမိပါတယ်။

တစ်နေ့ကျတော့ ပြန်သွားခါနီးမှာ ပါမောက္ခက `အဘိုးကြီးခင်ဗျား ဘူမိဗေဒသင်ဖူးရဲ့လား´လို့ မေးပါတယ်။ `အဲဒါဘာလဲ ဆရာကြီး´ `အဲ့ဒါမြေကြီးနဲ့ ပတ်သက်တဲ့ ပညာပေါ့ဗျ။´ `သြော် ကျွန်တော်ကျောင်းလဲမနေခဲ့ပါဘူး။ ဘာပညာမှလည်း မသင်ခဲ့ရပါဘူး။ မသိပါဘူး´လို့ အဘိုးကြီးကပြောလိုက်တော့ ပါမောက္ခက ခင်ဗျားညံ့တာပဲဗျာ။ ခင်ဗျားရဲ့ ဘ၀တစ်သက်တာမှာ လေးပုံပုံရင် တစ်ပုံကတော့ အလကားဖြစ်သွားပြီ။ လူဖြစ်ရူံးတာပဲလို့ ပြောလိုက်တော့ အဘိုးကြီးက တော်တော်လေးပဲ ၀မ်းနည်းသွားပါတယ်။ ဒီလောက်ပညာရှိတဲ့ ပါမောက္ခပြောတာ ဟုတ်မှာပါပဲ။ ငါတော့ ငါ့အသက်ရဲ့ လေးပုံတစ်ပုံ ဆုံးရူံးပါပြီလို့ အောက်မေ့မိပါတယ်။

နောက်တစ်နေ့ကျပြန်တော့လည်း အဘိုးကြီး ပြန်ခါနီးကျတော့ ပါမောက္ခက မေးပြန်တယ်။ `အဘိုးကြီးခင်ဗျား အဏ္ဏ၀ါဗေဒရော သင်ဖူးရဲ့လား´ `အဲ့ဒါကရော ဘာပညာပါလဲခင်ဗျာ။´ `ပင်လယ်တွေ သမုဒ္ဒရာတွေ ရေစီးကြောင်းတွေ လိုင်းတွေနဲ့ ပတ်သက်တဲ့ပညာပေါ့ဗျ၊ `သြော် - ဒါလဲ ကျွန်တော်မသင်ခဲ့ပါဘူး။ စာပေဆိုလို့ဘာမှမသင်ခဲ့ပါဘူး။ မတတ်ပါဘူး´လို့ဆိုတော့ `အဘိုးကြီး၊ ခင်ဗျားတစ်သက်မှာ တစ်ဝက်တော့ လူဖြစ်ရူံးပြီ´လို့ ပြောပါတယ်။

ဒီလိုပဲ တတိယနေ့ကျတော့လဲ `အဘိုးကြီး အဘိုးကြီး ခင်ဗျား ဥတုဗေဒရောသင်ခဲ့ဖူးရဲ့လား´ `အဲ့ဒါရောဘာပညာလဲဆရာကြီး´ ဒါကတော့ ရာသီဥတုနဲ့ပတ်သက်တဲ့ပညာပေါ့ဗျ၊ မိုးလေ၀သနဲ့ ဆိုင်တာပေါ့´၊ `သြော် - ကျွန်တော်ပြောပြီးပါပကော။ ကျွန်တော်ဟာ ဘာပညာမှ မတတ်ပါဘူး´ ဒီတော့ `အဘိုးကြီး ညံ့ပေတာပဲဗျာ။ ခင်ဗျားလူဖြစ်တာဟာ အလကားပဲ။ ခင်ဗျားရဲ့ တစ်သက်တာလုံးမှာ လေးပုံသုံးပုံ လူဖြစ်ရူံးပြီ။ အလကားအချိန်တွေ ဖြုန်းလိုက်တာပဲ´လို့ ပြောပါတယ်။ အဘိုးကြီးခမျာ အတော်ပဲဝမ်းနည်းသွားပြီး စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။

နောက်တစ်နေ့ကျတော့ အဘိုးကြီးရဲ့အလှည့် ဖြစ်လာပါတယ်။ အဘိုးကြီးက ပျာရိပျာယာပြေးလာပြီး `ပါမောက္ခဆရာကြီး၊ ပါမောက္ခဆရာကြီး၊ ခင်ဗျားရေကူးဗေဒတတ်ရဲ့လား´ `ဟာ ကျုပ်ရေမကူးတတ်ဘူး´ `သြော်ဒီလိုဆိုရင်တော့ ပါမောက္ခဆရာကြီး ဘ၀တစ်သက်တာလုံး အားလုံးဆုံးရူံးပါပြီ။ လူဖြစ်ရူံးပါပြီ` ဒီလို ပြောပါတယ်။

သင်္ဘောက ကျောက်ဆောင်ကို တိုက်မိပြီး မြှုပ်တော့မယ်။ ရေကူးတတ်တဲ့လူတွေကတော့ ကမ်းကို ရောက်အောင် ကူးနိုင်ကြရပါတော့မယ်။ ဟုတ်ပါတယ်။ လောကမှာ ရှိသမျှ ဗေဒတွေအားလုံး တတ်ကျွမ်းပေမယ့် ရေကူးဗေဒမတတ်ရင်တော့ ဘာလုပ်ရပါ့မလဲ။ ရေကူးဗေဒမှာလဲ စာအုပ်တွေဖတ် ရေကူးနည်းအကြောင်း ပြောတာတွေ ဟောတာတွေကို နားထောင်ပြီးရေကိုတော့ ထိတောင်မထိဘူးဆိုရင်တော့ ဘယ့်နှယ်ရေကူးတတ်ပါ့မလဲ။ လက်တွေ့လုပ်ငန်းကို လုပ်တာမှ မဟုတ်ဘဲကိုး။

ဆင်းရဲဒုက္ခတွေအတိဖြစ်နေတဲ့ သံသရာပင်လယ်ကြီးကို ကူးနိုင်ပြီး နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းကို ရောက်နိုင်မှသာ ဆင်းရဲဒုက္ခတွေအားလုံးက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ၁၀- ရက်တရားပတ်တွေ လာထိုင်ကြတဲ့ ယောဂီတွေဟာ တရားရဲ့ လက်တွေ့လုပ်ငန်းကို လာပြီးကျင့်ကြံကြတာဖြစ်ပါတယ်။ ၁၀- ရက်နဲ့တော့ သိပ်ပြီးတရားမထိုင်နိုင် မကျင့်နိုင်ကြသေးပါဘူး။ ဒါပေမယ့်လည်း အင်မတန်ရှည်လျားတဲ့ တရားလမ်းစဉ်ကြီးပေါ်မှာ ယောဂီတို့ဟာ ခြေလှမ်းကလေးတစ်လှမ်းတော့ လှမ်းခဲ့ကြပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment