ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 27 May 2012

ရန်သူအပေါ်မေတ္တာပွားနည်း

အလယ်အလတ်ပုဂ္ဂိုလ်ကို မေတ္တာပွားပြီးနောက် ရန်သူကို မေတ္တာပွားရမည်ဟု ဆိုခဲ့၏။ ဤကား ရန်သူရှိသော ပုဂ္ဂိုလ်ကို ရည်ရွယ်၍ဆိုခြင်း ဖြစ်သည်။ ရန်သူမရှိသော ပုဂ္ဂိုလ်၊ သို့မဟုတ် မိမိကို အကျိုးမဲ့ပြုစေကာမူ သဘောထားကြီးမြတ်သည့်အတွက် ရန်သူဟုပင် အမှတ်မထားသော ပုဂ္ဂိုလ်တို့ကား ရန်သူထံ မေတ္တာပိုပလွှတ်ရန် စိတ်စိုက်ဖွယ်မလိုချေ။

ရန်သူအပေါ်၌ မေတ္တာစိတ် ပို့မည်ပြုသောအခါ ထိုရန်သူက မိမိအပေါ် ကျူးလွန်ထားသော အပြစ်များကို သတိရရ၍ အမျက်ဒေါသဖြစ်လျှင် ယခင်ပွားလက်စ ပုဂ္ဂိုလ်ကို ပြန်လည်၍ အဖန်ဖန် မေတ္တာပွားရမည်။ ထိုသို့ပွားများပါက ရန်သူ့အပေါ် ဖြစ်ပွားနေသော ဒေါသကို ပယ်ဖျောက်ပြီး ဖြစ်တော့၏။ ထိုသို့ စိတ်အာရုံ လွှဲပြောင်း၍ မေတ္တာပွားနေပါလျက် ရန်သူ့အပေါ် အမျက်ဒေါသ မပြေပျောက်ခဲ့သော် -

`အမျက်ထွက်သောသူကို တုံ့ပြန်၍ အမျက်ထွက်သူသည် ပထမ အမျက်ထွက်သူထက်ပင် ပိုမို စိတ်ထားနိမ့်ကျသူဖြစ်၏။ အမျက်ထွက်သူကို တုံ့ပြန်အမျက်မထွက်ဘဲ သည်းခံနိုင်သူသည်သာ အကြီးမားဆုံးသော အောင်မြင်မူကို ရရှိခြင်းဖြစ်၏´ အစရှိသည်ဖြင့် မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒများကို ဆင်ခြင်၍ အမျက်ဒေါသများကို ပယ်ဖျောက်ရမည်။

ဤဆိုခဲ့ပြီးသည့်အတိုင်း အမျက်ဒေါသကို ကြိုးစား၍ ပယ်ဖျောက်နေပါလျက် ပြေပျောက်ငြိမ်အေးခြင်း မရှိသေးလျှင် ထိုရန်သူ၏ ကြည်ညိုဖွယ် ချစ်ခင်ဖွယ် ကိုယ်အမူအရာ နူတ်အမူအရာ၊ စိတ်နေသဘောထားကို ကွက်၍ ဆင်ခြင်ကာ အမျက်ဒေါသကို ဖြေဖျောက်ရမည်။

ထိုသို့ ကိုယ် နူတ် စိတ်အမူအရာ တစ်ခုခုမျှ ကြည်ညို ချစ်ခင်ဖွယ်မရှိသော ရန်သူဖြစ်ပါက `ဤသူသည် ယခုဘ၀မှာသာ လူဖြစ်ရ၏။ နောင်ဘ၀တွင် ငရဲ၌ နစ်မွန်းရမည် ဧကန်ဖြစ်၏´ဟု သနားကရုဏာသက်ဝင်၍ အမျက် ဒေါသကို ဖြေဖျောက်ရမည်။

ထိုသို ဖြေဖျောက်ပါလျက် အမျက်ဒေါသမပြေပျောက်ပါက `ရန်သူသည် ဒေါသဖြင့် မုန်းဖွယ်အမူကို ပြုခဲ့၏။ ထိုဒေါသကို ပယ်လော့၊ ထိုပုဂ္ဂိုလ်၌ စိတ်ဆိုးကာ အဘယ်ကြောင့် မိမိကိုယ်ကို ပင်ပန်းအောင် ပြုနေသနည်း´ စသည်ဖြင့် မြတ်စွာဘုရား ဟောကြားထားသော ဒေါသဖြေဖျောက်နည်း သြ၀ါဒ တစ်မျိုးမျိုးကို ဆင်ခြင်၍ ဖြစ်စေ၊ `မိမိနှင့် ရန်သူတို့သည် ကံစီမံရာအတိုင်း ဖြစ်ပျက်နေကြရပေသည်´ဟု ကမ္မသကာချ၍ ဖြစ်စေ၊ `ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် မြားဖြင့် ပစ်၍ အသက်ကို ရန်မူသော မုဆိုးကို သည်းခံ၍ အစွယ်ကိုပင် ဖြတ်၍ လှူလိုက်ပေသေးသည်´။ `ဘုရားလောင်း မျောက်မင်းသည်လည်း မျက်စိလည် လမ်းမှား၍ ချောက်တွင်းကျနေသော နွားပျောက်ရှာ ယောက်ျား၏အသက်ကို ခက်ခဲစွာ ကယ်တင်ခဲ့၏။ ထိုယောက်ျားက ဘုရားလောင်း၏ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုနှက်သတ်ဖြတ်သော်လည်း သည်းခံ၍ ထိုယောက်ျား အပြန်ခရီးအတွက် လမ်းမှန်ရောက်အောင်ပင် ပို့ဆောင်လိုက်ပေသေးသည်´။ `ဘုရားလောင်း ဘူရိဒတ်နဂါးမင်းသည်လည်း အလမ္ပာယ်ပုဏ္ဏားက အမျိုးမျိုးနှိပ်စက် ညှဉ်းပန်းသောအခါ နဂါးငွေ့လွှတ်၍ ပုဏ္ဏားကို သေအောင်ပြုလုပ်နိုင်သော်လည်း (သီလပျက်မည်စိုးသောကြောင့်) သည်းခံ၍ ထိုအလမ္ပာယ်ပုဏ္ဏား၏ အကျိုးစီးပွားအတွက် အလမ္ပာယ်ပြသမူကိုပင် ဆောင်ရွက်ပေးသေးသည်´ ဟူ၍ ဇာတ်တော်လာ သည်းခံပုံများကို ဆင်ခြင်၍ အမျက်ဒေါသကို ဖြေဖျောက်ရမည်။

ထိုသို့ ဆင်ခြင်ပါလျက် အမျက်ဒေါသ မပြေပျောက်သေးပါက မေတ္တာပွားခြင်းသည် ချမ်းသာစွာ အိပ်စက်ရခြင်း၊ ချမ်းသာစွာ နိုးထရခြင်းစသော မေတ္တာ၏ အကျိုးအာနိသင်တို့ကို ဆင်ခြင်လျက် အမျက်ဒေါသကို ဖြေဖျောက်ရမည်။

ထိုသို့ ဆင်ခြင်ပါလျက် အမျက်ဒေါသ မပြေပျောက်သေးပါက ယခုအမျက်ထွက်နေသည်မှာ ရန်သူ၏ ဆံပင်ကို အမျက်ထွက်ခြင်းလော၊ အမွေး၊ ခြေသည်း လက်သည်း စသော အစိတ်အပိုင်းတို့ကို အမျက်ထွက်ခြင်းလော၊ ထို ဆံပင်စသည့် အစိတ်အပိုင်းတို့၌ ပထ၀ီဓာတ်ကို အမျက်ထွက်ခြင်းလော၊ အာပေါ၊ တေဇော၊ ၀ါယောဓာတ်တို့ကို အမျက်ထွက်ခြင်းလော စသည်ဖြင့် ဆင်ခြင်၍ အမျက်ဒေါသကို ဖြေဖျောက်ရမည်။

ထိုသို့ ရန်သူကို ပုဂ္ဂိုလ် သတ္တ၀ါအဖြစ် မရူ မမြင်ဘဲ ဓာတ်သဘော ခွဲခြမ်းစိတ်ဖြာ၍ ဆင်ခြင်နိုင်စွမ်းမရှိလျှင် မိမိ၏ ပစ္စည်းဥစ္စာကို ရန်သူအားပေး၍ ရန်သူက ပေးထားသော ပစ္စည်းဥစ္စာကိုလည်း မိမိက လက်ခံရယူခြင်း၊ အကယ်၍ ရန်သူသည် အသက်မွေးမူသီလ (အာဇီဝပါရိသုဒ္ဓိသီလ) ပျက်နေသူဖြစ်ပါက (ထိုရန်သူ၏ ဥစ္စာသည် မသုံးစွဲထိုက်သောကြောင့်) မိမိ၏ ပစ္စည်း ဥစ္စာကိုသာ ပေးခြင်းဖြင့်လည်း ပစ္စည်းပေး၊ ပစ္စည်းယူ ပြုလုပ်ကာ အမျက်ဒေါသကို ဖြေဖျောက်နိုင်သည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမျက်ဒေါသ ဖြေဖျောက်နည်း တစ်မျိုးမျိုးဖြင့် ဖြေဖျောက်၍ ငြိမ်းအေးသွားပြီဆိုလျှင် (ချစ်ခင်သူ၊ အလွန်ချစ်ခင်သည့် မိတ်ဆွေ၊ အလယ်အလတ်ပုဂ္ဂိုလ်တို့အပေါ်၌ မေတ္တာစိတ်ဖြစ်ပေါ်သကဲ့သို့) ထိုရန်သူအပေါ်၌လည်း မေတ္တာသက်ဝင် ချစ်ခင်လာမည်ဖြစ်သည်။ ထိုသို့ ရန်သူ့အပေါ် မေတ္တာသက်ဝင်လာပါက ဆက်လက်၍ မေတ္တာဘာဝနာကို အကြိမ်ကြိမ်အထပ်ထပ် ပွားများရမည်။

ဤသို့ဖြင့် ရန်သူ့အပေါ်၌ အဖန်ဖန် မေတ္တာပွားပြီးလျှင် မိမိချစ်ခင်သူ အလယ်အလတ်ပုဂ္ဂိုလ် ရန်သူဟူသော ပုဂ္ဂိုလ်လေးဦးစလုံးအပေါ်၌ မေတ္တာစိတ်အညီအမျှ ဖြစ်စေလျက် တသားတည်းဖြစ်အောင် အားထုတ်ရပေမည်။

ဤ၌ မိမိ၊ အလွန်ချစ်ခင်သူ၊ အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူလေးဦးတို့ အတူနေကြစဉ် ဓားပြတို့ ရောက်ရှိလာပြီး သင်တို့လေးဦးထဲမှ တစ်ဦးဦးကို ပေးပါ။ ထိုသူကို သတ်၍ လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်မည်ဟု အတင်းအကြပ် တောင်းလာလျှင် မိမိကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကို ဖြစ်စေ ပေးလိုစိတ်ရှိနေသေးလျှင် ထိုပုဂ္ဂိုလ်လေးဦးတို့ အပေါ်၌ မေတ္တာစိတ်တသားတည်း မဖြစ်သေးချေ။

အဘယ်ကြောင့်ဆိုသော အပေးခံရသူ၏ အကျိုးစီးပွားကို အလိုမရှိဘဲ ဓားပြတို့၏ အကျိုးစီးပွားကို အလိုရှိရာရောက်သောကြောင့် ဖြစ်သည်။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်လေးဦးထဲမှ မိမိကိုဖြစ်စေ၊ အခြားတစ်ဦးဦးကိုဖြစ်စေ ခိုးသားဓားပြတို့အား မပေးလိုဘဲ မိမိအပါအ၀င်ပုဂ္ဂိုလ်လေးဦးတို့အပေါ်၌ အကျိုးစီးပွားကို လိုလားသောစိတ် အညီအမျှ ဖြစ်နေလျှင် မေတ္တာစိတ်တသားတည်း (သီမာသမ္ဘေဒ)ဖြစ်နေသည်ဟု ဆိုရသည်။ ထိုသို့ မေတ္တာစိတ် တသားတည်းထားနိုင်သော အဆင့်သို့ရောက်လျှင် ထိုမေတ္တာဘာဝနာပွားသူသည် လောကီဈာန်၏ အနီးအပါး (ဥပစာရအဆင့်)သို့ ရောက်ရှိနေပြီဖြစ်သည်။ ဆက်လက်၍ ပွားများပါက ပထမဈာန်စသော တရားထူးများကို ရရှိမည် ဖြစ်ပေသည်။

ထိုသို့ ပထမဈာန် စသော တရားထူးများကို ရရှိသော ပုဂ္ဂိုလ်များသည် အပိုင်းအခြားအကန့် အသတ် မထားဘဲ ပို့လွှတ်သော မေတ္တာ (အနောဓိသဖရဏ မေတ္တာ)၊ အပိုင်းအခြား အကန့်အသတ်ဖြင့် ပို့လွှတ်သောမေတ္တာ (သြဓိဖရဏ မေတ္တာ)၊ အရပ်မျက်နှာအသီးသီးကို ဖြန့်၍ ပို့လွှတ်သောမေတ္တာ (ဒိသာဖရဏ မေတ္တာ)တို့ကို ပိုင်ပိုင်နိုင်နိုင် ပွားများနိုင်မည် ဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment