ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 May 2012

တရားသည် ရောဂါကုဆေးမဟုတ်

ဂုရုကြီးကလဲ ဆေးတွေကလည်းစုံ ဆရာဝန်တွေကလည်းစုံနေပြီဖြစ်တော့ စမ်းကြည့်တာပေါ့လို့ပြောပြီး ဆရာကြီးဦးဘခင်ထံသွားပြီး ၁၀-ရက်တရားပတ် ၀င်ခွင့်ပြုဖို့ရာ ခွင့်တောင်းပါတယ်။ ဆရာကြီးက ခွင့်ပြုလိုက်ပါတယ်။ ဆရာကြီးက ခွင့်ပြုလိုက်တော့ ဂုရုကြီးကလည်း ၀မ်းသာအားရနဲ့ ပြန်ခါနီးကျတော့ `ကျွန်တော်လာတာဟာ ဘယ်သူဘယ်ဝါက လမ်းညွှန်လိုက်လို့လာတာပါ။ ကျွန်တော်ရဲ့ ခေါင်းကိုက်ရောဂါဟာ ဘယ်မှာမှ ဘာဆေးနဲ့မှ ကုလို့မရတာကို ၀ိပဿနာနဲ့ စမ်းကုကြည့်ပါလားလို့ ပြောလိုက်လို့ ဆရာကြီးဦးဘခင်ထံလာခဲ့တာပါ´ လို့ ပြောတော့ ဆရာကြီးက `ဟာ- ဒီလိုဆိုရင်တော့ ခင်ဗျားမလာပါနဲ့။ ကျွန်တော်ခင်ဗျားကို လက်မခံနိုင်ပါဘူး´လို့ ပြောလိုက်ပါတယ်။

နောက်ပြီး ဆက်လက်ပြီး ရှင်းလင်းပြပါတယ်။ `ခင်ဗျားက တရားကို ဈေးချနေတာကိုး။ တရားဟာရောဂါတွေကို ကုဖို့ဆေးမဟုတ်ပါဘူး။ စိတ်ထဲမှာရှိတဲ့ ကိလေသာအညစ်အကြေးတွေကို စင်ကြယ်အောင်လုပ်တာပါ။ စိတ်ကစင်ကြယ်သွားတော့ ဘ၀မှာ ဆင်းရဲဒုက္ခတွေ အမျိုးမျိုးကလည်း လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ ခင်ဗျားရောဂါတစ်ခုပျောက်ချင်လို့လာတာနဲ့ မဖြစ်ပါဘူး´လို့ ပြောလိုက်ပါတယ်။

နောက်ပြီး ဆက်လက်ပြီးတော့ ရှင်းလင်းပြပါတယ်။ `ခင်ဗျားက သကြားစက် တစ်ခုထောင်ချင်တယ်ဆိုပါတော့ ရည်မှန်းချက်က သကြားထွက်ဖို့ရာ ဖြစ်ပါတယ်။ သကြားကို လိုချင်လို့ပါ။ တင်လဲကို လိုချင်လို့ မဟုတ်ပါဘူး။ တင်လဲက အရန်ပစ္စည်းအနေနဲ့ထွက်မှာ သေချာနေတာပဲ။

ခင်ဗျား ၁၀-ရက်တရားပတ်လာထိုင်ရင် စိတ်ထဲက အညစ်ကြေးတွေအားလုံး ကုန်စင်ဖို့ရာ ရည်ရွယ်ချက်နဲ့ လာတာဖြစ်ရမယ်။ ဟိုရောဂါ၊ ဒီရောဂါ ပျောက်ဖို့ရာကတော့ ခင်ဗျားရမည့် အရန်ပစ္စည်းပါပဲ။ လာရင်းရည်ရွယ်ချက်ကတော့ ရောဂါဆေးကုဖို့အတွက်လာရတာ မဟုတ်စေရပါဘူး´လို့ ဆရာကြီး ဦးဘခင်က ပြောပါတယ်။

ဆရာကြီးဦးဘခင်က ပြောတာ အင်မတန်မှန်ပါတယ်။ ဒီတရားထိုင်နည်းဟာ ရောဂါပျောက်အောင် ဆေးကုနည်း မဟုတ်ပါဘူးလို့ အတန်တန်ပြောပေမယ့် ရောဂါရှင်ကတော့ သူ့ရောဂါကို စိတ်ကစွဲနေတော့ ၁၀-ရက်တရားပတ်ထိုင်တိုင်း ၁၀-ရက်စလုံးမှာ `ဒီကနေ့တော့ ငါ့ရောဂါ နည်းနည်းသက်သာလာတယ်။ ဒီကနေ့တော့ နည်းနည်းပိုဆိုးဝါးလာတယ်။´လို့ ရောဂါကိုပဲ အောက်မေ့နေပြီး စိတ်ရောက်နေပြီး တရားကိုတော့ ရူသင့်သလောက်မရူဘဲနေရင် ဘယ့်နှယ်လုပ်ပြီး တရားရဲ့ ရသင့်ရထိုက်တဲ့ ကျေးဇူးတွေကို ခံစားရပါ့မလဲ။

ဂုရုကြီးကလဲ ဒါကိုနားလည်တော့ `ကျွန်တော် ကိလေသာအညစ်အကြေးတွေ စင်ကြယ်ဖို့ရာပဲ တရားပတ်ဝင်ပါ့မယ်။ ကျွန်တော် ရောဂါပျောက်ချင်ပျောက်၊ မပျောက်ချင်လဲ နေပါစေ´လို့ ပြောပြီး စိတ်ထဲကလည်း ဒီအတိုင်းပါပဲ။ စိတ်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်လာတော့ စိတ်ကတစ်မျိုးဖြစ်ပြီး တော်တော်နဲ့ မသွားဖြစ်ပါဘူး။ ဟိန္ဒူလူမျိုးဖြစ်နေတော့ ဗုဒ္ဓဘာသာတရားစခန်းကို ၀င်ရမှာ အတော်ပဲ ၀န်လေးနေခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မလို့ နောက်တော့ တရားစခန်းကို ရောက်ရှိသွားပြီး တရားထိုင်ခဲ့ပါတယ်။ တရားဆက်ထိုင်ပြီးတဲ့ အချိန်ကစပြီး ၁၄-နှစ် မြန်မာပြည်မှာပဲ ဆက်လက်နေထိုင်ခဲ့ပြီးတဲ့နောက် အိန္ဒယပြည်ကို ထွက်ခွာသွားပါတယ်။ အိန္ဒိယမှာ ဂုရုကြီးရဲ့ မိခင်ကြီးဟာ မမာမကျန်းဖြစ်နေပါတယ်။ မြန်မာပြည်မှာ နေခဲ့တုန်းက မိခင်ကြီးလဲ နည်းနည်းပါးပါး တရားထိုင်ခဲ့ဖူးပါတယ်။ စွဲစွဲမြဲမြဲတော့ မဟုတ်ပါဘူး။ သူသာ မြန်မာပြည်မှာရှိပြီး ဆက်လက်ထိုင်နိုင်ရင် ကောင်းမှာပဲလို့ အောက်မေ့မိပါတယ်။ အိန္ဒိယပြည်မှာ တရားပြသပေးနိုင်တဲ့သူလဲ မရှိပါဘူး။ ဘုရားပွင့်ရာဋ္ဌာန၊ တရားစပြီး ပေါ်ထွန်းရာဋ္ဌာနကြီးမှာ ၀ိပဿနာကျင့်ဖို့ နေနေသာသာ ၀ိပဿနာဆိုတဲ နာမည်တောင် မကြားဖူးကြပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment