ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 May 2012

ပဋိဘာဂနိမိတ်ထင်လာခြင်း

ဤအတိုင်း အဖန်ဖန်နှလုံးသွင်းဆင်ခြင်သွားလျှင် မိမိခန္ဓာကိုယ်ရှိ အရိုးစုနှင့် သူသေကောင်၏ အရိုစုတို့ကို ထပ်တူထပ်မျှ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ထင်မြင်လာမည်ဖြစ်သည်။ ထိုသို့ ထင်လာမြင်လာလျှင် ပဋိဘာဂနိမိတ် ထင်လာပြီဖြစ်သည်။

ဤ၌ ပဋိဘာဂနိမိတ်ဟူသည် ယခင်နှလုံးသွင်းစီးဖြန်းခဲ့သော အာရုံနှင့် တူသည့် အာရုံမျိုး ဖြစ်သည်။ အမှန်စင်စစ် ရှေ့က ထင်ခဲ့သော ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန်တူ ပမာဏတူ အာရုံပင်ဖြစ်သည်။ ထိုအာရုံသည် စိတ်ထဲ၌ ထည့်သွင်းထားသကဲ့သို့ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်လာမြင်လာခြင်းကိုပင် ပဋိဘာဂနိမိတ် ထင်လာခြင်းဟု ဆိုသည်။

ထို့ပြင် ဤအရိုးစုကမ္မဋ္ဌာန်းစီးဖြန်းသူ၏ စိတ်၌ လူသေကောင်၏ အရိုးများကို မိမိခန္ဓာကိုယ်တွင် သွတ်သွင်းထားရသကဲ့သို့ လည်းကောင်း၊ လူသေ၏ ဦးခေါင်းရိုးကို မိမိ၏ ဦးခေါင်းရေအတွင်း သွင်းထားရသကဲ့သို့ လည်းကောင်း ထင်မြင်လာပြီး တခြားပုဂ္ဂိုလ်များကို ကြည့်ရူ၍ ဦးခေါင်းရိုးမှ ခြေရိုး၊ ခြေရိုးမှ ဦးခေါင်းရိုးတိုင်အောင် နှလုံးသွင်း ဆင်ခြင်သည့်အခါ မိမိအပါအ၀င် ပုဂ္ဂိုလ်၊ သတ္တ၀ါအားလုံးကို `အရိုးစု´အဖြစ်သာ ထင်မြင်လာလျှင် ထင်မြဲ ပဋိဘာဂနိမိတ်သည် ယခင်ကထက် ပိုမိုထင်ရှားလာပြီ ဖြစ်သည်။ ဥပမာ - တိမ်ညိုတိမ်မဲများအတွင်း ဆွတ်ဆွတ်ဖြူသော ဗျိုင်းတစ်ကောင် ပျံသန်းနေသည့် အခါ မြင်ကွင်းသည် လွန်စွာထင်ရှား ပြတ်သားလှသကဲ့သို့ ဤပဋိဘာဂနိမိတ်သည် အလွန်သန့်ရှင်း စင်ကြယ်နေပြီ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment