ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 May 2012

စက်ဆုပ်ဖွယ် ထင်မြင်လာအောင် စီးဖြန်းခြင်း


ထို့နောက် ဆက်လက်၍ ဆက်ဆုပ်ရွံရှားဖွယ် အမှတ်သညာ(ပဋိကူလသညာ) ထင်လာစေရန် အောက်ပါအတိုင်း စီးဖြန်းရမည် -

ငါ၏ ခန္ဓာကိုယ်ရှိ အရိုးစုတို့သည် ခရုသင်းရောဂါ စွဲကပ်နေသူပမာလွန်စွာ ဖြူခြင်း၊ သုသာန်တစပြင်ရှိ အသားအကြော မရှိတော့သည့် လူသေကောင်၏ အရိုးနှင့် မခြားနားခြင်းတို့ကြောင့် အလွန်စက်ဆုပ်ရွံရှာဖွယ် အဆင်း ရှိကုန်၏ (၀ဏ္ဏ)။

အလွန်နံစော်သော အမိဝမ်းတွင်းဝယ် ကိုးလ၊ ဆယ်လပတ်လုံး အပုပ်နံ့၊ အသားအသွေး၊ ကျင်ကြီးကျင်ငယ် စသည်တို့ဖြင့် အမြဲရောထွေးနေခဲ့ရခြင်း မွေးဖွားပြီးနောက်ပိုင်းတွင်လည်း ယနေ့အထိ လုံးဝ ဆေးကြော သန့်စင်မူ မရှိခြင်း၊ တို့ကြောင့် လွန်စွာ နံစော်၍ ညှီသော အနံ့ရှိကုန်၏(ဂန္ဓ)။

ကျီး၊ ဠင်းတ၊ ခွေးတို့ ကိုက်ခဲစားသောက်ထားကြသဖြင့် အသား၊ အကြော၊ လုံးဝ မရှိတော့သည့် သွေးပုပ်၊ ကျင်ကြီး ကျင်ငယ်တို့ဖြင့် လိမ်းကျံ ညစ်ပေနေသော လူသေကောင်၏ အရိုးနှင့် မခြားနားလေသောကြောင့် အလွန်စက်ဆုပ်ဖွယ် ပုံသဏ္ဌာန်ရှိကုန်၏(သဏ္ဌာန)။

စက်ဆုပ်ရွံရှာဖွယ် အသား၊ အသွေး၊ အစာဟောင်း၊ အစာသစ် အစရှိသော ကောဠာသတို့သည် အတွင်းစားသောက်ဖွယ်၊ ပြင်ပစားသောက်ဖွယ်တို့ကို စွဲမှီ၍ ဖြစ်ကြလေသောကြောင့် မစင်တွင်း၌ ပေါက်သော နွယ်ပင်တို့ကဲ့သို့ ရွံရှာဖွယ်အတိ ဖြစ်ကုန်၏(အာသယ)။

ဆံပင် အစရှိသော အခြားကောဠာသတို့ စုဝေးရာအရပ်၌ ထက်အောက်တွင်းပြင် အားလုံးတို့ ဆံပင်အစရှိသော (၃၂)ကောဋ္ဌာသတို့နှင့် ထိကပ်နေခြင်းကြောင့် ဒွန်းစဏ္ဍားရွာတံခါးဝအနီးရှိ မစင်တွင်း၌ စိုက်နှစ်ထားသော လှံ၊ တံ(တုတ်ချောင်း)ကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တည်ရာရှိကုန်၏(သြကာသ)။

ဤသို့ အရိုးစုတို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ ဖြစ်ကြောင်း (အကြောင်းခံ) ဖြစ်တည်ရာအားလုံးပင် အလွန်စက်ဆုပ်ရွံရှာဖွယ် ရှိကုန်၏။

ဤအရိုးစုသည်ကား ပုဂ္ဂိုလ် သတ္တ၀ါမဟုတ်၊ အသေကောင်၏အရိုး၊ သစ်သားရုပ်အရိုးတို့နှင့် လုံးဝမခြားနားချေ။ အမှန်စင်စစ် အရိုးစုဟူ၍ပင် ပရမတ္တအားဖြင့် အထင်အရှားမရှိ၊ သုံးဆယ့်နှစ်ကောဋ္ဌာသအဖွဲ့အစည်းတွင် ပါဝင်သော သတ္တ၀ါလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော သီးခြား စက်ဆုပ်ဖွယ် ကောဋ္ဌာသတစ်ခုပင် ဖြစ်ပေ၏ဟု အဖန်ဖန်နှလုံးသွင်း စီးဖြန်းရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment