ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 23 May 2012

မုဆိုးဖိုကြီးနှင့် ချွေးမ ၄-ဦးပုံပြင်ပမာ

ပြီးခဲ့တဲ့ ၁၀-ရက်မှာ ပုံပြင်တွေနားထောင်ခဲ့ရတာ တော်တော်များနေပါပြီ။ တရားပတ် မသိမ်းခင် ပုံ ၁-ပုံ နောက်ထပ် ပြောပါဦးမယ်။ အင်မတန်ချမ်းသာကြွယ်ဝတဲ့ မုဆိုးဖိုကြီးတစ်ဦးဟာ သားလေးယောက် ချွေးမလေးယောက်နဲ့ အတူတူနေပါတယ်။ ဘယ်ချွေးမကို သော့အပ်ရမလဲလို့မသိတော့ ချွေးမလေးယောက်စလုံးခေါ်ပြီး မင်းတို့လေးယောက်စလုံးကို ငါ စမ်းသပ်ကြည့်မယ်လို့ ခေါ်ပြောပါတယ်။

အဖိုးကြီးက လေးယောက်ထဲကမှ အမှတ်အများဆုံးရတဲ့လူကို ပစ္စည်းဥစ္စာ ရတနာတွေခတ်ထားတဲ့ သော့တွဲကြီးကိုပေးအပ်မယ်လို့ဆိုပြီး တစ်ယောက်ကို ပြောင်းဖူးစေ့ ၅-စေ့ပေးပြီး `ငါခရီးထွက်ဦးမယ်။ ၄-နှစ်ကြာမှ ပြန်လာခဲ့မယ်။ ဒီပြောင်းဖူးစေ့ ၅-စေ့ကို ကောင်းကောင်းထိန်းသိမ်းထားတဲ့လူကို သော့တွဲအပ်မယ်။ ပြောင်းဖူးစေ့ ၅-စေ့ကိုမှ မထိန်းနိုင်ရင် ဒီလောက်များလှတဲ့ ပစ္စည်းဥစ္စာတွေကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်ပါ့မလဲ။ ဒါဟာ မင်းတို့ကို စမ်းသပ်ကြည့်တာပဲ´လို့ ပြောပြီး ခရီးထွက်သွားပါတယ်။

အကြီးဆုံးချွေးမက အဘိုးကြီး ရူးများနေသလား မသိပါဘူး။ ပြောင်းဖူးစေ့ ၅-စေ့ကို ၄-နှစ်တောင် ထိန်းသိမ်းမနေနိုင်ပါဘူး။ လွှင့်ပစ်လိုက်ပြီး သူပြန်လာတော့ အခြား ၅-စေ့ကို ပြန်ပြီးပေးလိုက်ရင် ပြီးတာပဲဆိုပြီး အဘိုးကြီးပေးခဲ့တဲ့ ပြောင်းဖူးစေ့ ၅-စေ့ကို လွှင့်ပစ်လိုက်ပါတယ်။

ဒုတိယချွေးမကတော့ ဒီအဘိုးကြီး ပြောင်းဖူးစေ့ကို သိမ်းထားရမှာက ရူပ်လှပါတယ်။ ဒါပေမယ့် လွှင့်ပစ်ဖို့ မသင့်တော်ဘူးထင်တယ်။ သူတို့မှာ ဘယ်လိုတန်ခိုးအာနိသင်တွေရှိလဲ မသိဘူး။ ဒီလို တန်ခိုးအာနိသင်တွေလည်း ရှိချင်လဲရှိမှာဘဲလို့ဆိုပြီး ပြောင်းဖူးစေ့ ၅-စေ့ကို သူစားပစ်လိုက်ပါတယ်။

တတိယချွေးမကတော့ သော့တွဲကြီးကို အင်မတန်လိုချင်ပါတယ်။ ဒီတော့ပြောင်းဖူးစေ့ ၅-စေ့ကို ၄-နှစ်လုံးလုံး ကောင်းကောင်း ထိန်းသိမ်းထားပါတယ်။

စတုတ္ထချွေးမကတော့ အိမ်နောက်ဖေးမှာ ပြောင်းဖူးစေ့ ၅-စေ့ကို စိုက်လိုက်ပါတယ်။ အချိန်တန်တော့ ပြောင်းဖူးပင် ၅-ပင် ပေါက်လာပါတယ်။ တစ်ပင်တစ်ပင်မှာ ပြောင်းဖူးစေ့တွေ အများကြီးထွက်လာတယ်။ နောက်နှစ်ကျတော့ ထွက်လာသမျှ ပြောင်းဖူးစေ့တွေကို နောက်ထပ်စိုက်ပြန်ပါတယ်။

ပြောင်းဖူးပင်တွေပေါက်လာပြီး နောက်ရာသီကျတော့ ထွက်လာသမျှပြောင်းဖူးစေ့တွေကို ပြန်စိုက်နဲ့ ၄-နှစ်ပြည့်တော့ ပြောင်းဖူးစေ့တွေ ဂိုဒေါင်နဲ့ အပြည့်ဖြစ်ပြီးနေပါတယ်။ အဘိုးကြီးပြန်လာတော့ ချွေးမတွေကို ခေါ်စစ်လိုက်တော့ စတုတ္ထချွေးမ လုပ်ကိုင်ထားတာ၊ ပွားများထားတာတွေကို တွေ့ရတော့ သူ့ကို သော့တွဲအပ်လိုက်ပါတယ်။

ဂုရုကြီးဦးဂိုအင်ကာကလည်း ယောဂီတို့ကို ဓမ္မမျိုးစေ့ ၅-စေ့ပေးခဲ့ပါတယ်။ ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ထားရုံသာမက နောက်ထပ် များသထက်များလာအောင် ပွားပွားလည်းပေးကြပါ။ သော့တွဲကိုလည်း သူယူမသွားပါဘူး။ ယောဂီတို့နဲ့ပဲ အပ်သွားပါတယ်။ ဓမ္မကို တိုးပွားအောင်လုပ်ကြပါ။ နတ်ပြည်ဗြဟ္မာ့ပြည်တံခါးတွေကို ပွင့်စေပြီးတော့ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်တွေကို ခံစားကြပါ။ နိဗ္ဗာန်တံခါးကို ပွင့်စေပြီး နိဗ္ဗာန်ချမ်းသာကိုလဲ ခံစားကြပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment