ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 May 2012

တရားသာ ကိုးကွယ်ရာ

ယောဂီတို့ ခုလိုတရားပတ်မှာလာပြီး တရားကို ကျင့်ကြတာဟာလည်း ယောဂီတို့ကိုယ်တိုင် တရားကိုတွေ့ရှိသွားဖို့ တရားကို မြင်ရှိသွားဖို့၊ ရရှိသွားဖို့ရာ ဖြစ်ပါတယ်။ မိမိ ကိုယ်တိုင်ပွါးများပြီး ရရှိမြင်ရှိသွားတဲ့ တရားကသာလျှင် မိမိကိုးကွယ်ရာ၊ ခိုလှုံရာ၊ အားထားရာ ဖြစ်နိုင်ပါတယ်။

တရားကသာလျှင် အကာအကွယ် ပေးနိုင်ပါတယ်။ ကူညီမစပြီး စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ တခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ပွားများထားရှိခဲ့တဲ့၊ ရရှိထားခဲ့တဲ့၊ ကျင့်ထားခဲ့တဲ့ တရားဟာ မိမိအတွက် လမ်းပြပေးနိုင်ရုံ၊ အားပေးနိုင်ရုံမျှသာ ဖြစ်ပါတယ်။

`အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ၀ိဟရထ ဓမ္မသရဏာ အနညသရဏာ´လို့ မြတ်စွာဘုရားက ဟော်တော်မူခဲ့ပါတယ်။

ဘယ်သူကိုမှ မခိုလူံ အားမထားပါနဲ့။ မိမိကိုယ်ကိုသာ ခိုလှုံပါ၊ အားထားပါ။ ငယ်လယ်ထဲမှာ လေမုန်တိုင်းကျပြီး လှေဟာ ဘေးကြီးတွေ့နေတဲ့ အခါများမှာဆိုရင် ခိုလှုံဖို့ရာအတွက် အကာအကွယ်လိုပါတယ်။ အတားအဆီး ပေးနိုင်တဲ့ ကျွန်းကို လိုပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက `မိမိကိုယ်ကိုသာလျှင် ခိုလှုံရာ ကျွန်းဖြစ်ပါစေ။ မိမိသာလျှင် မိမိရဲ့ ခိုလှုံရာ ကျွန်းဖြစ်ပါတယ်။ မိမိကိုယ်ထဲမှာသာ အကာအကွယ်ယူပါ။ ဘယ်သူ့ကိုမှ ခိုလှုံရာလို့ အားမထားပါနဲ့´လို့ ဟောတော်မူခဲ့ပါတယ်။ ဓမ္မဒီပါဝိဟရထ = တရားကိုသာလျှင် ခိုလှုံရာကျွန်းပြုလုပ်ပါ။ ဓမ္မသရဏာ = တရားကိုသာ ခိုလှုံပါ။ အနညသရဏာ = တခြားဘာကိုမှ အားမထားပါနဲ့၊ မခိုလှုံပါနဲ့လို့ ဟောတော်မူခဲ့ပါတယ်။

ယောဂီတို့ကိုယ်တိုင် ပွားများထားခဲ့တဲ့ တရားကသာလျှင် ယောဂီတို့အတွက် အကျိုးဖြစ်ပြီး အကာအကွယ်ပေးပြီး ခိုလှုံရာ ဖြစ်ပါလိမ့်မယ်။ တခြားဘာကမှ မဖြစ်နိုင်ပါဘူး။ ဒီနားလည်မူနဲ့ ရတနာသုံးပါးကို ခိုလှုံရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားကိုပွားများရမှာ ဖြစ်ပါတယ်။ ကိုယ်က တရားကို စောင့်ရှောက်မှ တရားက ကိုယ့်ကိုစောင့်ရှောက်မှာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦးကို ဒီပုဂ္ဂိုလ်ဟာဖြင့် ငါ့ကိုဆင်းရဲဒုက္ခတွေက လွတ်အောင် လုပ်ပေးမှာပဲဆိုတဲ့ အမြင်မှားနဲ့တော့ မခိုလူံသင့်ပါဘူး။ ဒီပုဂ္ဂိုလ်ဟာ ဘယ်လောက်ပဲ တန်ခိုးရှိရှိ ယောဂီတို့ကို သံသရာဝဋ်ဆင်းရဲက လွတ်မြောက်အောင် သူ့ပခုံးပေါ်မှာထမ်းပြီး ပို့ဆောင်မပေးနိုင်ပါဘူး။ လမ်းပြပေးနိုင်ရုံ၊ အကူအညီပေးနိုင်ရုံ၊ အားပေးနိုင်ရုံလောက်သာ တတ်နိုင်ပါတယ်။

ကိုယ့်ရဲ့လွတ်မြောက်မူအတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်သွားဆိုတာလို ကိုယ့်ရဲ့ဘ၀၊ ဘ၀က စုဆောင်းသိုလှောင်လာခဲ့တဲ့ ကံကြွေးကံဟောင်းတွေ၊ အနုသယကိလေသာတွေကို သယ်ပိုးပြီး ကိုယ်ကိုယ်တိုင် ဓမ္မလမ်းစဉ်၊ မဂ္ဂင်လမ်းမကြီးကို တစ်လှမ်းချင်း၊ တစ်လှမ်းချင်း လျှောက်သွားရမှာ ဖြစ်ပါတယ်။

ဓမ္မံ သရဏံ ဂစ္ဆာမိ = တရားတော်မြတ်ကို ခိုလှုံရာဟူ၍ ဆည်းကပ်ပါ၏လို့ဆိုရာမှာလည်း လုပ်ရိုးလုပ်စဉ် ၀တ်ပြုမူတွေ၊ မိရိုးဖလာကိုးကွယ်မူတွေကို ယုံကြည်မူတွေကို မစဉ်းစား မဆင်ခြင်ဘဲ ခိုလှုံရမှာ မဟုတ်ပါဘူး။ သီလ၊ သမာဓိ၊ ပညာတို့ကို ခိုလှုံရမှာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment