တရားကျင့်ရာမှာ ဝေဒနာတွေနဲ့ ကစားသလိုလုပ်နေလို့ကတော့ မရပါဘူး။ တစ်နေ့ တရားထိုင်တာမှာ ဘင်္ဂအဆင့်ရပြီးတော့ ကျေနပ်ဝမ်းသာဖြစ်နေပြီး နောက်တစ်နေ့ကျတော့ ကြမ်းတမ်းဝေဒနာတွေ ခံစားရပြန်တယ်ဆိုရင် စိတ်ဓါတ်အရမ်းကျပြီး စိတ်မချမ်းမသာ ဖြစ်မယ်ဆိုရင်တော့ ယောဂီဟာ ၀ိပဿနာကျင့်နေတာ မဟုတ်ပါဘူး။
ဝိပဿနာရဲ့ အကျိုးကျေးဇူးတွေကို မခံစားရပါဘူး။ ဒါပေမယ့် ယောဂီကစိတ်ကို ဥပေက္ခာဖြစ်အောင်ထားပြီး ဘယ်လိုဝေဒနာမျိုးပဲ ခံစားရ ခံစားရ သူတို့ရဲ့ အနိစ္စသဘောကို သတိရှိနေပြီး တုံ့ပြန်မူမလုပ်ဘဲ ရူနေမယ်ဆိုရင်တော့ ၀ိပဿနာရဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာ အမှန်ပါပဲ။ ဒီလိုရူနိုင်တဲ့ တစ်ခဏလေးမှာပဲ အကုသိုလ်စိတ်တွေ ရပ်စဲပျောက်ကင်းစေပါတယ်။
ဒါပေမယ့် ယောဂီက ဝေဒနာတွေကို ဥပေက္ခာနဲ့ မရူဘဲ တုံ့ပြန်နေမယ်ဆိုရင်တော့ ဒါဟာ စိတ်ရဲ့အကျင့်ဖြစ်နေပြီး ဒေါသထွက်တဲ့အခါမှာ ဒေါသကို တုံ့ပြန်နေပြီး ဒေါသဟာ ပွားသထက်ပွား များသထက်များလာပါလိမ့်မယ်။ ဒါကြောင့် ၀ိပဿနာကျင့်ရာမှာ သေသေချာချာ တိတိကျကျကျင့်ဖို့ရာ အထပ်ထပ်အခါခါ ပြောနေရတာပါ။ ပြောသလို သေသေချာချာ တိတိကျကျကျင့်မယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေကိုလည်း အသေအချာ ခံစားကြရမှာ ဖြစ်ပါတယ်။
ကိုယ်တွင်းမှာ တကယ်ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း၊ ဖြစ်ပျက်နေတဲ့အတိုင်း ရူတဲ့အခါမှာလည်း ရူထောင့်တစ်ခုတည်းကနေပြီးတော့ ရူနေရင်တော့ အမှန်ကို လုံးဝအကုန်အစင်မဟုတ်ဘဲ တစ်ပိုင်းတစ်စကိုသာ ရူနိုင်မှာဖြစ်ပါတယ်။ တစ်ပိုင်းတစ်စသာ ရူနိုင်တဲ့အမှန်ဟာ လုံးဝအမှန်ပဲလို့ မပြောနိုင်ပါဘူး။ လုံးဝအမှန် မဟုတ်တဲ့အတွက်ကြောင့် ယောဂီလုပ်သမျှ ဆုံးဖြတ်ချက် ဝေဖန်ချက်တွေကလည်း မမှန်ကန်တော့ မှားယွင်းတဲ့အပြုအမူ၊ အပြောအဆိုတွေ ဖြစ်ကုန်တတ်ပါတယ်။ ဒီလိုဆိုရင် သူတစ်ပါးကိုရော ယောဂီကိုယ်တိုင်ကိုရော အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အမှန်တရားကို လုံးဝကုန်စင် ရူနိုင်တယ်ဆိုရင်တော့ ယောဂီရဲ့ ဝေဖန်ချက်ကလည်း မှန်တယ်၊ ဆုံးဖြတ်ချက်ကလည်း မှန်တယ်ဖြစ်တော့ ယောဂီရဲ့ အပြောအဆို အပြုအမူတွေကလည်း မှန်တာချည်းပဲ ဖြစ်လာပါလိမ့်မယ်။
လူတွေရဲ့အကျင့်ဟာ မွေးပြီးမျက်စိနှစ်လုံးဖွင့်တဲ့ အချိန်ကစပြီး အပြင်ဘက်ကိုသာပဲ အမြဲပဲ ကြည့်နေကြပါတယ်။ အပြင်ဘက်ကိုပဲ ကြည့်နေတယ်ဆိုတော့ ရူထောင့်တစ်ထောင့်တည်း ဖြစ်နေကြပြီး တစ်မျိုးပဲ မြင်နိုင်ပါတယ်။ ဒါဟာ မမှန်တဲ့ ရူခြင်းပေါ့။ ၀ိပဿနာကိုစကျင့်ပြီး ပညာစခန်းကိုစပြီ ဆိုရင်တော့ ရူထောင့်တွေ အမျိုးမျိုးကစပြီး ရူလာပါပြီ။
ပညာဆိုတဲ့စကားဟာ ပကာရေန ဇာနာတီတိ ပညာ၊ ပကာရ = အပြားပြားအထူးထူး အထွေထွေ ရူထောင့်တွေအမျိုးမျိုးလို့ ဆိုလိုပါတယ်။ တရားတစ်ခုကို ရူထောင့်အမျိုးမျိုးကနေ ရူမယ်လို့ဆိုရင် ယောဂီဟာ အမှန်တရားကို လုံးဝအကုန်အစင်မြင်ဖို့ရာ ပိုပြီးနီးလာပြီဖြစ်ပါတယ်။ မဟုတ်ရင်တော့ ယောဂီဟာ အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ရူနိုင်နေပြီး လုံးဝမှန်ကန်တဲ့ တရားလို့ မဆိုနိုင်ပါဘူး။
ဥပမာတစ်ခုပေးပါမယ်။ မွေးကတည်းက မျက်စိမမြင်တဲ့ လူငါးဦးကို ဆင်တစ်ကောင် အနားခေါ်လာပြီး ဆင်ကိုစမ်းသပ်ကြည့်ပြီး ဆင်အကြောင်းထင်မြင်ချက်ကို ပေးခိုင်းပါတယ်။ တစ်ဦးက ဆင်ရဲ့ခြေထောက်ကို ကိုင်ကြည့်ပြီး “ဆင်ဆိုတာ တိုင်ကြီးနဲ့တူပါတယ်”လို့ ပြောပါတယ်။ နောက်တစ်ဦးက ဆင်ရဲ့အမြီးကို ကိုင်ကြည့်ပြီး “တိုင်နဲ့မတူပါဘူး တံမျက်စည်းနဲ့ တူပါတယ်”လို့ ပြောပါတယ်။ မျက်မမြင်ငါးဦးဟာ တစ်ဦးတစ်မျိုးစီ ထင်မြင်ချက် ၅-ခုပေးပါတယ်။ သူတို့တစ်ဦးစီပေးတဲ့ ထင်မြင်ချက်က သူတို့ရဲ့ ရူထောင့်ကနေဆိုရင်တော့ မှန်ပါတယ်။ ဒါပေမယ့် အမှန်ရဲ့ တစ်ပိုင်းတစ်စပဲ ဖြစ်ပါတယ်။ လုံးဝကုန်စင်မှန်တဲ့ အမှန်နဲ့တော့ အဝေးကြီးပါပဲ။
လူတွေရဲ့ တစ်သက်တာမှာလည်း ဒီလိုဖြစ်တတ်တာပါပဲ။ အမှန်ရဲ့ တစ်ပိုင်းတစ်စလေးတွေကိုသာ မြင်နေကြရပြီး လုံးဝကုန်စင်မှန်တဲ့ အမှန်နဲ့ကတော့ ဝေးပါသေးတယ်။ ဒါကြောင့် လူတွေမှာ ဆုံးဖြတ်ချက်တွေကလည်းမှား၊ လုပ်ကိုင်ဆောင်ရွက်မူတွေလည်း မှား၊ အကုန်အမှားချည်းပဲ ဖြစ်နေတတ်ကြပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment