နောက်ဆုံးတော့ ဒါနပါရမီပါပဲ။ ပေးကမ်းစွန့်ကြဲခြင်း သဒ္ဓါတရားပွားများခြင်းတို့ပဲ ဖြစ်ပါတယ်။ လူဝတ်ကြောင်တွေအတွက် အင်မတန်အရေးကြီးတဲ့ အင်မတန်လည်းကောင်းတဲ့ အရည်အချင်းတစ်ခုပါပဲ။
အိမ်ရာထောင်သူတွေအနေနဲ့ ၀မ်းစာရှာဖွေရေးအတွက် အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ၀င်ငွေရှာကြရပါတယ်။ ပိုက်ဆံရှာလို့ရလာတော့ မာန တက်လာတတ်ကြပါတယ်။ “ငါရှာလို့ရတဲ့ပိုက်ဆံ၊ ငါ့ကြိုးစားမူကြောင့်၊ ငါ့ဉာဏ်ပညာကြောင့်၊ ငါ့စွမ်းအားကြောင့် ငါငွေတွေ ဒီလောက်ရှာဖွေနိုင်တယ်။ ငါအင်မတန်တော်တဲ့လူပဲ၊ သူများတွေ ငါ့လိုမလုပ်နိုင် မကိုင်နိုင်ကြဘူး” အစရှိသဖြင့် ဖြစ်ပေါ်လာတတ်ကြပါတယ်။ ငါဆိုတဲ့ အတ္တစွဲနဲ့ မာနက ထောင်လွှားလာပြီး သံသရာက လွတ်မြောက်ရေးနဲ့ ဖီလာဆန့်ကျင်ဘက်ကို ဆက်လက်သွားနေတတ်ပါတယ်။
ဒီတော့ ဒီလို မာနထောင်လွှားအောင် ငါတစ်လုံး မဖြစ်အောင် ပညာရှိကြီးတွေက ပြောကြား မှာကြားခဲ့ပါတယ်။ “ယောဂီတို့ ငွေရှာကြတဲ့အခါမှာ ငါဒီငွေကို ရှာတာဟာ ငါ့အတွက်သာမဟုတ်၊ သူများတွေအတွက်လည်း ပါပါတယ်။ ငါရှာလို့ရတဲ့ ငွေရဲ့ တစ်ပိုင်းတစ်စဟာ သူများကောင်းစားရေးအတွက် ပါရပါလိမ့်မယ်”လို့ ဆိုပါတယ်။ ငါဆိုတဲ့ အတ္တစွဲနဲ့ မာနဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ နောက်ပြီး ကိုယ်ရှာတဲ့ ၀င်ငွေထဲက သူများတွေအတွက် ရက်ရက်ရောရော လှူဒါန်းလိုက်မယ်ဆိုရင် တစ်ကိုယ်ကောင်း ကြံစည်တဲ့စိတ်၊ မာနစိတ်၊ အတ္တစွဲတွေကလွတ်လာပြီး စိတ်ချမ်းသာ ပျော်ရွှင်မူတွေကိုလည်း ရနိုင်ပါလိမ့်မယ်။
ဒီလိုစိတ်ချမ်းသာစွာနဲ့ သဒ္ဓါတရား စေတနာတရားများစွာနဲ့ ပေးကမ်းလှူဒါန်းလိုက်တဲ့ ဒါနမျိုးစေ့ဟာ အနာဂတ်ကာလမှာ မိမိအတွက် ပိုမိုချမ်းသာသုခဖြစ်စရာ၊ စည်းစိမ်ဥစ္စာ တိုးပွားစရာလည်း ဖြစ်လာပါလိမ့်မယ်။ ဒါဟာ သဘာဝဓမ္မပါပဲ။
လှူဒါန်းတဲ့အခါမှာ ကြွားချင် ၀ါချင်တဲ့စိတ် မာနစိတ်နဲ့ ငါဒီလောက်တောင် လှူလိုက်တာပဲ၊ ငါအများဆုံး လှူလိုက်တာပဲလို့ အောက်မေ့မိလိုက်ရင်တော့ ဒါဟာ စိတ်မသန့်တဲ့ အလှူဖြစ်သွားပါတယ်။ ဘာအလားအလာကိုမျှ မမျှော်လင့်ပါဘူး။ သူများ ကောင်းစားစေဖို့ သက်သက်ပဲ စေတနာသန့်သန့်နဲ့ပဲ လှူလိုက်တယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ ဒါနပါရမီပါပဲ။
အခုလို တရားပတ်ဝင်ပြီး ၁၀-ရက်စေ့တဲ့အခါမှာ စိတ်ကလည်း တော်တော်ကလေး စင်ကြယ်နေပြီ။ သူများတွေအပေါ်မှာ မေတ္တာ ကရုဏာတွေ ပွားနေတဲ့အခါမှာ သြော် လောကကြီးမှာ ဒုက္ခတွေအတိနဲ့ပါလား။ လူတွေဟာ ဒုက္ခဆင်းရဲ ပိုပိုပြီး များသထက်များများ လွတ်ကင်းကြပါစေ။ ငါစိတ်ချမ်းသာသလို၊ ငါစိတ်အေးချမ်းသလို၊ သဟဇာတစိတ်ရှိသလို သူများတွေလည်း စိတ်အေးချမ်းကြပါစေ၊ စိတ်ချမ်းသာကြပါစေ သဟဇာတရှိကြပါစေ။ ငါတရားဓမ္မကိုရသလို သူများတွေလည်း ရနိုင်ကြပါစေ။ ငါ့စည်းစိမ်ဥစ္စာ၊ ငါ့မှာရှိတဲ့ ပစ္စည်းတွေကို သူများတွေနဲ့ ဝေငှနိုင်ပါစေ။ သူများတွေအတွက်ကို ဘယ်လို အလုပ်မျိုးဖြစ်ဖြစ် ငါအမူထမ်းပေးနိုင်ပါစေ။ ကူညီ စောင်မပေးနိုင်ပါစေလို့ နားလည်မူနဲ့ ဒါနပြုခြင်းဟာဖြင့် အင်မတန် ထူးမြတ်တဲ့ ဒါနပါရမီပါပဲ။
တရားစခန်းမှာ ဒါနပြုတဲ့အခါမှာတော့ ငါဒီမှာ တရားရသလို၊ တရားကျင့်သလို သူများတွေလည်း တရားကျင့်နိုင်ကြပါစေဆိုတဲ့ စေတနာနဲ့ သူများကောင်းကျိုးကို လိုလားပြီး ဘာအလားအလာကိုမှ မျှော်လင့်မထားဘဲ လှူဒါန်းရင်တော့ ဒါဟာအင်မတန် တန်ဖိုးရှိတဲ့ အင်မတန်ကောင်းတဲ့ ဒါနပါရမီဖြည့်ခြင်းပါပဲ။
အခုလိုတရား စခန်းမှာ တရားကျင့်ကြတာဟာ ပါရမီ ၁၀-ပါးစလုံးကို နည်းနည်းချင်း နည်းနည်းချင်း ဖြည့်ဖို့ အခွင့်ကောင်းပါပဲ၊ တရားရိပ်သာမှာ တရားပတ်ဝန်းကျင်မှာ ကျင့်သုံးနေတဲ့ ကမ္မဋ္ဌာန်း နည်းနိဿယတွေ၊ အချိန်ဇယားတွေ၊ အခွင့်အရေးတွေကို အသုံးပြုကြပြီး နောက်ဆုံးပန်းတိုင်ရောက်တဲ့အထိ ပါရမီတွေကို ဖြည့်ကြပါ။ တရားဟာ ဘ၀တစ်လျှောက်လုံးမှာ ဖြစ်ပေါ်လာသမျှ ဒုက္ခတွေက လွတ်မြောက်ဖို့ရာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment