ပြီးတဲ့အခါ ဒီပဋိစ္စသမုပ္ပါဒ်တရားတော်နဲ့ ကွင်းဆက်တွေကို အနုလုံပဋိလုံအစအဆုံး အဆုံးမှအစ အစုန်အဆန် အဆန်အစုန် အပြန်အလှန်ရူတော်မူပါတယ်။ ဒီလိုရူတဲ့အခါမှာ ပွားများတာတွေ ရပ်စဲပြီးတော့ ပျောက်ကွယ်တာတွေ စပြီးဖြစ်ကြတာပဲ။ အားလုံး အညစ်အကြေးတွေ ပျောက်ကွယ်သွားတဲ့အထိ ဆက်ပြီးကျင့်သွားကြရမှာ ဖြစ်ပါတယ်။
တရားစပြီးကျင့်စမှာတော့ ကြမ်းတမ်းတဲ့ဝေဒနာတွေအဖြစ်နဲ့ ပြင်းထန်တဲ့ သင်္ခါရအဟောင်းတွေ၊ ရှေးကံဟောင်းတွေ၊ ဒုစရိုက်တွေ၊ ကိလေသာတွေက စိတ်ရဲ့အပေါ်ကို တက်လာကြပြီး ပေါ်ထွက်လာကြပါတယ်။ ဒီကြမ်းတမ်း ဝေဒနာတွေဟာ အပါယ်ကိုလားစေမည့် သင်္ခါရတွေဖြစ်ပါတယ်။ သူတို့ကို ယောဂီတို့က တုံ့ပြန်မူ မလုပ်ဘဲ ဥပေက္ခာနဲ့ရူနေရင် ဖြည်းဖြည်းခြင်း သူတို့ဟာပျောက်ကွယ် ချုပ်ငြိမ်းသွားကြပြီး အပါယ်ကိုလားစေတဲ့၊ သင်္ခါရတွေ ကုန်ခမ်းသွားစေတဲ့ အဆင့်ကိုရောက်လာကြပြီး ဆက်လက်ပြီး ရူရူသွားတော့ သင်္ခါရတွေအားလုံး ဘာမှမကျန်အားလုံး ကုန်စင်သွားရတော့ ရုပ်နာမ်တရားတွေအားလုံး ဘာမှမကျန်အားလုံး ကုန်စင်သွားရတော့ ရုပ်နာမ်တရားတွေက ကျော်လွန်သွားပြီး ဖြစ်တာပျက်တာ ဖြစ်ချုပ်ခြင်းတရားတွေ အားလုံးမှလည်း ကျော်သွားတဲ့ စခန်းကို ရောက်ရှိသွားပါလိမ့်မယ်။ သာမန်အသိနဲ့သိရတာ ခံစားရတာမျိုး မဟုတ်တော့ဘဲ ဘယ်လိုပဲလို့တော့ ပြောမပြနိုင်ပါဘူး၊ ယောဂီတို့ ဒီစခန်းကိုရောက်ရင် ကိုယ်တွေ့ခံစားရပြီး သိရှိကြမှာဖြစ်ပါတယ်။ သာမန်ရုပ်နဲ့ နာမ်နဲ့ခံစားလို့ရတာမျိုး မဟုတ်ပါဘူး။
ဒီလိုနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အခါကျတော့ ဝေဒနာနိရောဓော ထိတွေ့မူတွေ ကုန်ခန်းသွားတဲ့ စခန်းကိုရောက်သွားပြီး ထိတွေ့မူကိုလည်း မခံစားရတော့ပါဘူး။ ဝေဒနာဆိုလို့လည်း ဘာမှမရှိတော့ပါဘူး။ ဒီလိုနိဗ္ဗာန်ကို မျက်မှောက်ပြုတာဟာ စက္ကန့်ပိုင်း မိနစ်ပိုင်းကလေးကနေ နောက်တော့ နာရီပိုင်းအထိ ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ ဝေဒနာကို မခံစားရပါသလဲဆိုတော့ ဖဿနိရောဓာ ဝေဒနာနိရောဓော ထိတွေ့မူမရှိတော့လို့ ခံစားရခြင်းလဲ မရှိတော့တာပါပဲ ဖြစ်ပါတယ်။ ထိတွေ့မူက ဘာကြောင့်မရှိတော့တာလဲဆိုတော့ သဠာယတနနိရောဓာ ဖဿနိရောဓော ဒွါရ ၆-ပါး တံခါး ၆-ပေါက် မရှိတော့လို့ အလုပ်မလုပ်ကြတော့လို့ပါပဲ။
ဘာကြောင့် ဒွါရ ၆-ပါးက အလုပ်မလုပ်ကြတော့တာလဲဆိုပြန်တော့ နာမရူပနိရောဓာ သဠာယတနနိရောဓာ = ရုပ်တရား နာမ်တရားစုတို့က အလုပ်မလုပ်ကြတော့လို့ ဖြစ်ပါတယ်။ “သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ၊ သောက၊ ပရိဒေ၀ဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ” = ကွင်းဆက်တွေ တစ်ခုနဲ့ တစ်ခုဆက်ပြီး တခုခုပျက်စီးသွားရင် လုံးဝမရှိတော့ပါဘူး။ ဒီလိုဆိုရင် ကွင်းဆက်ကလည်း ဆက်ဆက်ပြီး မဖြစ်တော့ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment