လူတစ်ဦးဟာ လူတစ်ဦးကို တွေ့လိုက်ရင် ကိုယ်ထင်ချင်သလို ထင်တတ်ကြပါတယ်။ တကယ့်အမှန်မှ မဟုတ်ဘဲ လူကောင်းကို လူယုတ်မာထင် လူယုတ်မာကို လူကောင်းထင်ချင်လဲ ထင်နေတတ်တာပါပဲ။ ပြီးတော့ ကိုယ်ထင်တဲ့ရုပ်ကို တုံ့ပြန်မူလုပ်တော့ မှားကုန်ကြတာပေါ့။
လူတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ခွဲခြားဝေဖန်ခြင်း လုပ်လေ့မရှိကြဘူး။ အပြင်က မြင်ရတာကိုပဲ တစ်ဖက်သတ်ကြည့်တတ်ကြပါတယ်။ အတွင်းမှာ ဖြစ်ပျက်နေကြတာကိုတော့ မမြင်ကြပါဘူး။ ရူထောင့် တစ်ခုတည်းက မြင်ရတာဟာ ရာခိုင်နူန်းပြည့် အမှန်တရား မဟုတ်နိုင်ပါဘူး။ အချို့တစ်ဝက်လောက်သာ အမှန်ဖြစ်တော့ ဒီမြင်ကွင်းဟာ အမြင်မှန်လို့ မယူဆနိုင်ပါဘူး။ ရူထောင့်တွေ အမျိုးမျိုးကနေကြည့်ပြီး မြင်ရတာကိုမှ အားလုံးကို မြင်ရပြီး အမြင်မှန်ဖြစ်နိုင်ပါတယ်။ ဒီတော့မှ ယောဂီတို့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပြီး အပြုအမူတွေကလည်း မှန်ကန်တဲ့ အပြုအမူတွေ ဖြစ်နိုင်ပါလိမ့်မယ်။
အခု ဒီဝိပဿနာရူနည်းဟာ ယောဂီတို့ အမြင်မှန်နဲ့ အစစအရာရာကို ကြည့်ရူတတ်လာအောင် အကူအညီပေးနိုင်တဲ့နည်း ဖြစ်ပါတယ်။ ယောဂီတို့ဟာ ဒါကို ဘာဝနာမယဉာဏ်အဆင့်နဲ့ သိလာကြပါလိမ့်မယ်။ ၀ိပဿနာကို တကယ့်နည်းလမ်းမှန်ကန်စွာနဲ့ ကျင့်သုံးမယ်ဆိုရင် ဘယ်လိုဝေဒနာကို ခံစားရတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သာယာတဲ့ဝေဒနာကို ခံစားရတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သာယာတဲ့ဝေဒနာတွေ သိမ်မွေ့တဲ့ဝေဒနာတွေ သုခဝေဒနာတွေ ခံစားနေရတော့ စိတ်ကျေနပ်ပျော်ရွှင်နေပြီး မသာယာတဲ့ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေကို ခံစားရတော့ စိတ်မချမ်းမသာဖြစ်နေမယ်ဆိုရင် ဒါဟာ ၀ိပဿနာကျင့်နေတာ မဟုတ်ပါဘူး။
ဝိပဿနာဆိုတာ တကယ့်အဖြစ်အပျက်မှန်ကို အမှန်အတိုင်းရူဖို့ရာ ဖြစ်ပါတယ်။ အထပ်ထပ်အခါခါ ခွဲစိတ်ပြီး ရူနေရမှာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်လဲ မပါရပါဘူး။ အမြင်လွဲတာ အထင်လွဲတာတွေထဲ မပါရပါဘူး။ ကိုယ်ဖြစ်စေချင်သလိုလည်း မဟုတ်ရပါဘူး။ သူဖြစ်နေတဲ့အတိုင်းကို ရူနေရမှာပဲဖြစ်ပါတယ်။ သူတကယ် ဖြစ်ပျက်နေတဲ့အတိုင်း ဟုတ်တိုင်းမှန်ရာကို ရူပြီးသတိရှိနေဖို့ရာ ဖြစ်ပါတယ်။ အမှန်ကို ရူထောင့်နှစ်ထောင့်ကနေ ကြည့်ရမယ်ဆိုတာကို ယောဂီတို့သိလာကြပါပြီ။ ရူထောင့်တစ်ခုက ပြင်ပက ရူထောင့်၊ တစ်ခုက အတွင်းက ဖြစ်ပါတယ်။ ဒီလိုဆိုရင်ဘဲ အတော် ထူးခြားလာပါပြီး နောက်ဆက်ပြီး တရားကျင့်သုံးသွားမယ်ဆိုရင် ရူထောင့်တွေ အမျိုးမျိုးက ကြည့်တတ်လာပြီး ပညာစခန်းမှာ တိုးတက်လာပါလိမ့်မယ်။
ဥပမာ - လူတစ်ဦးက ယောဂီကိုဆဲတယ်ဆိုပါတော့။ ယောဂီက ရူထောင့်တစ်ခုတည်းက ကြည့်မယ်ဆိုရင်တော့ ဒီလူကို ဒေါသနဲ့တုံ့ပြန်ပြီး ကလဲ့စားချေပါလိမ့်မယ်။ အခုတော့ ယောဂီက အခြားရူထောင့်တစ်ခုက အတွင်းရူထောင့်ကလည်း ကြည့်တတ်၊ မြင်တတ်လာပြီဆိုတော့ ဒီကိုယ့်ကိုလာဆဲတဲ့သူကို ကလဲ့စားမချေတော့ပါဘူး။ ၀ိပဿနာကျင့်ရာမှာ ပညာသိက္ခာကလည်း ရင့်ကျက်လာပြီး ယောဂီဟာ ဒီပုဂ္ဂိုလ်ရဲ့ ကိုယ်တွင်း၊ စိတ်တွင်းမှာ ရှိနေသလို ခံစားနိုင်လာပါလိမ့်မယ်။ ပြီးတော့ ဒီလူရဲ့ရူထောင့်ကနေ မြင်လာပါလိမ့်မယ်။ သြော် - ဒီလူက ဒေါသမီးတွေလောင်နေပြီး စိတ်ဆိုးတာကိုးလို့ သူ့ရူထောင်ကနေ ကြည့်တတ်လာပါတယ်။
ရှေ့ဆက်ပြီး တရားကျင့်သွားပြီး တရားရင့်ကျက်လာရင် ယောဂီဟာ ကိုယ့်ရဲ့ သိမ်မွေ့ဝေဒနာတွေကို ကိုယ်တိုင်ခံစားနိုင်ရုံသာမက တခြားပုဂ္ဂိုလ်တွေရဲ့ သိမ်မွေ့တဲ့ ဝေဒနာတွေကိုပါ သိရှိခံစားနိုင်လာပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာကိုတော့ ကိလေသာ အညစ်အကြေးတွေ အများကြီး ထုတ်ပစ်ရဦးမှာ ဖြစ်ပါတယ်။ ဒီအခါကျတော့ မိမိရဲ့ခန္ဓာကိုယ် ပြင်ပမှာရှိတဲ့ သိမ်မွေ့ဝေဒနာကိုလည်း ခံစားနိုင်လာပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment