လူတစ်ဦးတစ်ယောက်က ယောဂီကိုလာပြီး ဆဲတယ်ဆိုရင် ယောဂီက ဒီလူရဲ့ ပူလောင်နေတဲ့ ဝေဒနာကို ခံစားရလာပါလိမ့်မယ်။ လူတစ်ယောက်ဟာ မီးလောင်နေတယ်ဆိုရင် သူ့အပေါ် ဓာတ်ဆီလောင်းပေးဖို့ မီးထိုးပေးဖို့ မဟုတ်ပါဘူး။ ဒီလူ့အပေါ်မှာ အေးမြတဲ့ ရေချမ်းကို လောင်းပေးဖို့ရာ ဖြစ်ပါတယ်။
သူဟာ ငါ့ရဲ့ဒေါသကို လိုနေတာမဟုတ်ပါဘူး။ ငါ့ရဲ့မေတ္တာ ကရုဏာတွေကို လိုနေတာပါလို့ သိပြီးတော့ လာပါလိမ့်မယ်။ ဘယ်အခါမှာမဆို ငါဟာ ဒေါသစိတ်တွေပွားတယ်ဆိုရင် ငါ့စိတ်ထဲမှာ အင်မတန် စိတ်မချမ်းမသာဖြစ်ရတာပဲ။ ခံစားရတဲ့ ဝေဒနာတွေကလည်း ဒီအချိန်မျိုးမှာဆိုရင် အင်မတန် အခံရခက်တာပဲ။ အခုငါ့ကို ဆဲနေတဲ့ လူကလည်း သူ့ရဲ့စိတ်ထဲမှာ သိပ်အနေဆိုးနေမှာပဲ။ ငါကဘယ်လိုလုပ်ပြီး သူ့ကို ဒီစိတ်မချမ်းမသာဖြစ်နေတဲ့ အထဲက လွတ်မြောက်အောင် ကူညီမစနိုင်ပါ့မလဲဆိုပြီး ယောဂီတို့စိတ်ထားဟာ လုံးလုံးကြီး ပြောင်းလဲလာပါလိမ့်မယ်။ မကောင်းဘူး မကြိုက်ဘူးလို့ သညာက ပြောခဲ့တဲ့ စကားလုံးတွေနဲ့ ယောဂီဟာ အကုသိုလ်စိတ်နဲ့ တုံ့ပြန်မူတွေ အားလုံးဟာလဲ ပြောင်းလဲလာကြပါလိမ့်မယ်။
အင်မတန်အဖျားတက်ပြီး ဂယောင်ချောက်ချား ဖြစ်နေပြီး အမေကိုဆဲနေတဲ့ ကလေးကို ဘယ်အမေက ပြန်ပြီးဆဲပါ့မလဲ။ အမေက ဒီကလေးအပေါ်မှာ မေတ္တာတွေ ကရုဏာတွေ သက်ရောက်နေမှာပေါ့။ ဒီကလေးခံစားနေရတဲ့ ရောဂါကို ဘယ်လိုပျောက်ကင်းအောင် လုပ်ရပါ့မလဲဆိုတာကို အောက်မေ့နေမှာပေါ့။ ဒီလိုပါပဲ။ ၀ိပဿနာမှာ ရင့်ကျက်နေတဲ့ ယောဂီကလည်း ဆိုးသွမ်းမိုက်မဲနေတဲ့ လူတစ်ဦးကိုတွေ့ရရင် ဒီလူဟာ မမာမကျန်းဖြစ်နေတဲ့ ကလေးလိုပါပဲ။ မသိနားမလည်တဲ့ ကလေးလိုပါပဲ။ သူဘာလုပ်နေတယ်ဆိုတာကို သူမသိရှာပါဘူး။ ဒီလူကို ငါဘယ်လိုအကူအညီပေးရပါ့မလဲ ဆိုပြီး မေတ္တာစိတ် ကရုဏာစိတ်တွေ ကုသိုလ်စိတ်တွေသာ ပွာမျးားမှာပေါ့။ ဒေါသစိတ် အကုသိုလ်စိတ်တွေ မပွားတော့ပါဘူး။ အကုသိုလ်စိတ်ပွားလိုက်မိတယ်ဆိုတာနဲ့ ယောဂီဟာ “သူကိုယ်တိုင် အရင်ဆုံးပဲ စိတ်ဆင်းရဲ ခံရတယ်”ဆိုတာကို သိပြီကိုး။
ဒေါသဖြစ်တဲ့လူဟာ စိတ်ဆင်းရဲရတာ အမှန်ပါပဲ။ သူတစ်ပါးကိုလည်း စိတ်ဆင်းရဲအောင် မလုပ်ဘူး၊ မိမိကိုယ်ကိုလည်း စိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုရင် ဒီယောဂီဟာ မိမိရဲ့ဘ၀ တစ်သက်တာကို အေးငြိမ်းချမ်းသာစွာနဲ့ သဟဖာတဖြစ်အောင် နေထိုင်ရေးကို နားလည်တဲ့ ပုဂ္ဂိုလ်ပါပဲ။ မိမိကိုယ်တိုင်က အေးချမ်းစွာ၊ မျှတစွာနေတတ်ရင်၊ နေနိုင်ရင် မိမိရဲ့ ပတ်ဝန်းကျင်ကလည်း အေးချမ်းမျှတနေပြီး တခြားလူတွေကိုလည်း အေးချမ်းမျှတဖို့ရာ အထောက်အကူ ဖြစ်နိုင်ပါတယ်။ ယောဂီက မိမိကိုယ်တိုင်မှ အေးချမ်းသာယာအောင် ချမ်းသာအောင် မနေနိုင်ဘူးဆိုရင်ဖြင့် တခြားလူတွေကို စိတ်ဆင်းရဲခံစားနေရတဲ့ အထဲက ဘယ်နည်းနဲ့မှ လွတ်မြောက်အောင် မကူညီ မမစနိုင်ပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment