ကဲ ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း မဖြစ်ပါဘူးဆိုပါတော့၊ အပါးတော်မြဲက ဒေါသဖြစ်တဲ့ အကြောင်းကို သတိပေးလာတဲ့ အခါကျတော့ အင်း ဒေါသကို ရူရမယ်လို့ပြောတယ်။ ငါအခု ဒေါသကို ရူမှပဲဆိုရင် ဒေါသကို ဘယ်လိုလုပ်ပြီး ရူရမှာပါပဲ။ မျက်စိမှိတ်ပြီး ရူစရာ ဒေါသမှာ ပုံပန်းသဏ္ဍာန်လည်း မရှိဘူး။ အရောင်အသွေးလဲ မရှိဘူး။ ဘာကို ဘယ်လိုလုပ် ရူရမှာပါလဲ။
မျက်စိမှိတ်ပြီး အာရုံစိုက်လိုက်တဲ့အခါမှာ ဒီဒေါသပေါ်လာရတဲ့ အကြောင်းရင်းကိစ္စတွေပဲ စိတ်ထဲမှာ ပေါ်နေမှာဖြစ်ပါတယ်။ “သူက ငါ့ကို ဒီလိုပြောလိုက်တာ။ ဒီလို လုပ်လိုက်တာ။ ဒါကြောင့် ငါခုလိုစိတ်ဆိုးရတာ” ဆိုပြီးတော့ ဒေါသဖြစ်ရတဲ့ ပြင်ပကကိစ္စဟာ စိတ်ထဲမှာ ပေါ်နေပြီး ဒေါသကို ပိုပိုပြီးဆွပေးနေပါတယ်။ ဖြစ်ရတဲ့ကိစ္စကို၊ ပုဂ္ဂိုလ်ကို သတိရလေလေ ဒေါသဟာ ပိုပြီးများသထက် များလာပါတယ်။ ပျောက်ကွယ်မသွားပါဘူး။ ဒေါသကို ဒေါသသက်သက်အဖြစ်နဲ့ ပြင်ပကအဖြစ်အပျက်တွေ၊ အရာဝတ္ထုတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ခွဲပြီး ရူဖို့ရာဟာ လွယ်တာမဟုတ်ပါဘူး။ လုပ်လို့မလွယ်ရင် ဒီဟာအဖြေမဟုတ်သေးပါဘူး။
သိပ်မခဲယဉ်းတဲ့ လက်တွေ့လုပ်နိုင်မယ့် အဖြေလိုပါတယ်။ စိတ်ထဲမှာ ဒေါသ၊ လောဘ၊ တဏှာစိတ်၊ ကြောက်စိတ်၊ အကုသိုလ်စိတ် ဘာပဲဖြစ်ဖြစ် ပေါ်လာရင် ကိုယ်ခန္ဓာမှာ တစ်ပြိုင်နက်တည်း ဖြစ်မူနှစ်ခု ပေါ်လာပါတယ်။ ကြမ်းတမ်းဝေဒနာအဆင့်မှာဆိုရင် ၀င်သက်ထွက်သက် အသက်ရှူတာဟာ နဂိုအတိုင်းထက် နည်းနည်းလေးပိုပြီး ပြင်းထန်လာပါတယ်။ သိမ်မွေ့ဝေဒနာအဆင့်မှာကတော့ ခန္ဓာကိုယ်ထဲမှာ ဓါတ်သဘာဝပြောင်းလဲမူတွေ ဖြစ်ပေါ်လာပြီး ဝေဒနာတစ်ခုတစ်ခု ဖြစ်ပေါ်လာပါတယ်။ ကိုယ်ပေါ်မှာ ခံစားလာရပါတယ်။ ဒီလိုဖြစ်လာတာဟာ သဘာဝဓမ္မပါ။
ဒီတော့ ဒေါသကို ဘယ်လိုရင်ဆိုင်ရမလဲ ဘယ်လိုရူရမလဲဆိုတဲ့ အမေးရဲ့ အဖြေမှန်ပေါ်လာပါတယ်။ ဒေါသကို ဒေါသရယ်လို့ ရူလို့မရပေမယ့် ယောဂီဟာ ၀င်သက်ထွက်သက်ကိုတော့ ရူနိုင်တာပါပဲ။ တရားကျင့်ထားတဲ့ ယောဂီဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာခံစားရမူတွေကိုလည်း ရူနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ အကုသိုလ်စိတ်တစ်ခုခုပေါ်လာတဲ့အခါမှာ ယောဂီဟာ ၀င်သက် ထွက်သက်ကိုပဲဖြစ်ဖြစ်၊ ဝေဒနာကိုပဲဖြစ်ဖြစ် ရူနေလိုက်ရင် ပြဿနာကနေ ထွက်ပြေးတိမ်းရှောင်နေတာလည်း မဟုတ်ပါဘူး။ အာရုံတခြား လွှဲပြောင်းလိုက်တာလည်း မဟုတ်ပါဘူး။
ဒါကြောင့် ဒင်္ဂါတစ်ခုရဲ့ မျက်နှာပြင် ၂-ခုလိုပါပဲ။ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေဟာ ဒင်္ဂါးရဲ့ မျက်နှာပြင်တစ်ခု၊ ၀င်သက်ထွက်သက်နဲ့ ဝေဒနာတွေဟာ ဒင်္ဂါးရဲ့ တခြားဘက်က မျက်နှာပြင်တစ်ခု ဖြစ်ပါတယ်။ သူတို့အားလုံး ဆက်သွယ်နေကြပါတယ်။ ဒီဒင်္ဂါးပြားတစ်ခုတည်းကိုပဲ တစ်ဖက်စီ ရူတာဖြစ်ပါတယ်။ ဒီတော့ ၀င်သက်ထွက်သက်နဲ့ ဝေဒနာကို ရူနေခြင်းဟာ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေကို ရူနေတာပဲဖြစ်တော့ အကျိုးသက်ရောက်မူ ဖြစ်ကြတာဟာ အတူတူပါပဲ။ ကိလေသာအညစ်အကြေးတွေဟာ အလွှာလိုက် အလွှာလိုက် ကွာကျသွားကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဟာ အင်မတန်ကောင်းတဲ့ အဖြေမှန်ပါပဲ။
ဝင်သက်ထွက်သက်နဲ့ ဝေဒနာတွေဟာ ယောဂီတို့ရဲ့ အပါးတော်မြဲတွေဖြစ်ပြီး တစ်နေ့မှာ ၂၄-နာ ရီ တစ်သက်တာပတ်လုံး အမူထမ်းကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာမဆို စိတ်ထဲမှာ အကုသိုလ်တစ်ခုခု ၀င်လာရင် အသက်ရူတာဟာ ပြောင်းလဲလာပြိး ဝေဒနာတွေကလည်း ပိုမိုထင်ရှားလာပြီး ဆရာ ဆရာတစ်ခုခုဖြစ်နေပြီ တစ်ခုခုမှားနေပြီလို့ သတိပေးကြပါလိမ့်မယ်။ ဒီအပါးတော်မြဲတွေကတော့ ရိုက်လို့လည်း မရပါဘူး။ သူတို့ပေးတဲ့ သတိကိုလက်ခံပြီး ၀င်သက်ထွက်သက်နဲ့ ဝေဒနာတွေကိုရူကြရမှာပါပဲ။ ဒီလိုရူနေနိုင်မယ်ဆိုရင်တော့ ပြဿနာတွေက လွတ်မြောက်နိုင်ကြပါလိမ့်မယ်၊ ကိလေသာအညစ်အကြေးတွေကို ဖိနှိပ်ချုပ်ချယ်လည်းမထား၊ ၀စီမူ ကာယမူ= နူတ်နဲ့ကိုယ်နဲ့ အပြုအမူတွေကိုလည်း မပြုဘူးဆိုရင် သူများတွေကိုလည်း အန္တရာယ်မပြု၊ ကိုယ့်ကိုယ်ကိုလည်း အန္တရာယ်မပြုဘဲ ယောဂီဟာ သန့်ရှင်းစင်ကြယ်လာတော့ ဒီနည်းဟာ အင်မတန်ကောင်းတဲ့ အဖြေပါပဲ။ ဒီတော့အဖြေက ဘာလဲလို့ဆိုတော့ ၀င်သက်ထွက်သက်မဟုတ်ရင် ဝေဒနာတွေကို ရူရုံမျှသာ ရူနေပါဆိုတာပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment