ဒါပေမယ့် ဦးနှောက်အသိဉာဏ်နဲ့ လက်ခံပြီး နားလည်နိုင်ပေမယ့် တကယ့်ကိုယ်တွေ့ လက်တွေ့ကျင့်ဖို့ရာကျတော့ အင်မတန် ခက်ခဲပါတယ်။ ဒေါသဖြစ်လာတယ်ဆိုရင် အဲဒီ ဒေါသဟာ လူတစ်ကိုယ်လုံးကို လွှမ်းမိုးသွားပြီး ရူနေလို့မရနိုင်ပါဘူး။ ရူဖို့မလွယ်ပါဘူး။ ဒေါသစိတ်တွေ သိမ်များနေပြီး ဒေါသတွေ လွှမ်းမိုးနေတဲ့လူဟာ ကိုယ့်ဟာကိုယ် ဒေါသဖြစ်နေမှန်းတောင် သတိမပြုမိကြပါဘူး။
ဒီတော့ ယောဂီကို ဒေါသလာနေပြီ၊ ဒေါသဖြစ်နေပြီလို့ သတိပေးနေဖို့ရာ အပါးတော်မြဲတစ်ယောက် လိုနေပါတယ်။ ဒီအပါးတော်မြဲကလည်း အလုပ်ချိန်မှာသာ ရှိမှာပေါ့။ ဒေါသကို အပါးတော်မြဲရှိနေတဲ့ အလုပ်ချိန်အတွင်းမှာသာ ပေါ်ရမယ်လို့ဆိုတဲ့ သဘောတူညီချက် လုပ်ထားလို့ မရနိုင်ပါဘူး။ ဒေါသဟာ ၂၄-နာရီအတွင်း သူဖြစ်ချင်တဲ့ အချိန်မှာ ဖြစ်မှာပေါ့။ တစ်နေ့မှာ ၂၄-နာရီမှာ အချိန်ပိုင်း ၃-ပိုင်းအတွက် အပါးတော်မြဲ ၃-ဦးလိုပါလိမ့်မယ်။ တစ်ခါ သူတို့က ခွင့်ရက်တွေယူကြဦးမှာဆိုတော့ အပါးတော်မြဲ လေးငါးဦးလိုပါလိမ့်မယ်။ ဒါကို ဘယ်သူက တတ်နိုင်ပါ့မလဲ။
ကဲပါလေ တတ်နိုင်တယ်ပဲထားပါတော့။ အနားမှာအပါးတော်မြဲတစ်ဦး အမြဲပဲ ရှိနေတယ်ဆိုပါတော့။ ဒေါသဖြစ်ပေါ်လာတော့ တာဝန်ကျအပါးတော်မြဲက “ဆရာ ဆရာ ဒေါသ ဒေါသ”လို့ သတိပေးလိုက်ရင် အရင်ဆုံးဖြစ်မှာက အပါးတော်မြဲကို ရိုက်လိုက်မိပြီး “ဘာလဲ မင်းက ငါ့ကို ဆရာလုပ်နေသလား”လို့ပြောမိ ဆိုမိလိမ့်မယ်။ ဖြစ်ပေါ်လာတာက ဒေါသကိုး။ ဒေါသလွှမ်းမိုးလာတော့ အလိမ္မာမရှိတော့ပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment