ပါရမီတစ်ခုကတော့ နေက္ခမ္မပါရမီ ဖြစ်ပါတယ်။ အိုးအိမ် စည်းစိမ် သားမယားကို စွန့်လွန်ခြင်းပါပဲ။ ပါရမီ ၁၀-ပါးစလုံးဟာ ငါဆိုတဲ့ အတ္တစွဲကို ချွတ်ဖို့ပဲ။ အတ္တစွဲရှိနေသမျှ ငါ ငါ့ဟာလို့ ရှိနေသမျှ သံသရာက လွတ်မြောက်ရေး မရနိုင်သေးပါဘူး။ အတ္တ လုံးဝကင်းစင်ရမှာဖြစ်တဲ့ တရာလးမ်းစဉ် တစ်လျှောက်လုံးမှာ အတ္တကို တတ်နိုင်သမျှ ဖြုတ်ချဖို့ ဖြစ်ပါတယ်။
အိမ်ရာကို ပစ်ပြီးတော့ ရဟန်းဘောင်ဝင်ကြ သီလရှင်ဝတ်ကြတာကတော့ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ဘာမှမရှိရ မပိုင်ရတော့ပါဘူး။ အစားအစာကိုတောင် အလှူခံပြီး စားရပါတယ်။ အစားအစာကို အလှူခံပြီး စားရတယ်ဆိုတာဟာ ငါဆိုတဲ့ မာန ငါဆိုတဲ့ အစွဲကို ပျောက်စေပါတယ်။
အိမ်ရာထောင်တဲ့ လူသားတစ်ဦးဟာ ဒီအိမ်ရာကို ပစ်ပြီးတော့ ရဟန်း သီလရှင် ပြုဖို့ရာက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒီတော့ ယောဂီတို့လို လူပုဂ္ဂိုလ်တွေက ဒီနေက္ခမ္မပါရမီကို ဘယ်လိုလုပ် ဖြည့်ကြရပါ့မလဲ။ အခုလို တရားစခန်းမှာလာကြပြီး ၁၀-ရက်တရားပတ် ၀င်လိုက်တော့ ဆံလည်းမချရပါဘူး။ သင်္ကန်းလည်း မစည်းရပါဘူး။ ဒါပေမယ့် အနေအထိုင်အားဖြင့်တော့ ရဟန်း၊ သီလရှင်တွေလိုပါပဲ။ နေရ ထိုင်ရ စားရ သောက်ရပါတယ်။
ဒီ ၁၀-ရက် အတွင်းမှာတော့ သူများတွေ ပေးစာ ကျွေးစာ သူများ လှူဒါန်းထားခဲ့ တာတွေကိုသာ စားရသောက်ရပါတယ်။ နေရထိုင်ရပါတယ်။ ဒီတရားထိုင်တဲ့နည်းနဲ့ ကျင့်သွားကြတဲ့ ယောဂီအဟောင်းတွေရဲ့ စေတနာ သဒ္ဓါတရားထက်သန်မူကြောင့် သူတို့ပြုထားတဲ့ အလှူဒါနတွေနဲ့ နေထိုင်စားသောက်ကြရပါတယ်။ ဒီတော့မှ ယောဂီတို့ကလည်း နေက္ခမ္မပါရမီကို ကျင့်သုံးဖို့ အခွင့်အရေး ရကြပါတယ်။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲမူဖြစ်ပြီး အလှူခံဘ၀နဲ့ အိမ်ကထွက်လာကြပြီး ရဟန်းလို သီလရှင်လို နေနေကြတော့ နေက္ခမ္မပါရီလည်း ဖြည့်ရပြီး ငါအစွဲတွေလည်း ပျောက်ကင်းလာကြပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment