နောက်တစ်ခုကလည်း ယောဂီတို့ဟာ ၉-ရက် နူတ်ပိတ်နေရပြီး မိတ်ဆွေ ယောဂီတွေနဲ့ စကားမပြောရ၊ မဆွေးနွေးခဲ့ရတော့ ၁၀-ရက်နေ့ကျတော့ ပြောဆိုဆွေးနွေးနိုင်ကြပါတယ်။ တရားကို လေးလေးနက်နက် ကြိုးကြိုးစားစားထိုင်ဖို့ ကျန်တဲ့ ၂-ရက်အတွင်းမှာ တတ်နိုင်သမျှ ကြိုးစားပြီး အမြစ်နက်နက်စွဲနေတဲ့ သင်္ခါရတွေ အစွဲတွေ ကိလေသာတွေကို ပယ်ထုတ်ပစ်ကြပါ။
ကျန်တဲ့ ၂-ရက်မှာ တရားကျင့်တဲ့ အချိန်ဇယားအတိုင်းသာမက အနားယူချိန်တွေမှာလည်း ဆက်လက်ပြီးကျင့်ကြရမှာ ဖြစ်ပါတယ်။ ဆက်လက်ကျင့်ရမှာကတော့ တရားခန်းမထဲမှာ ခါတိုင်းအတိုင်းပဲ ယောဂီတို့ လုပ်စရာကိုင်စရာ ရှိတာတွေကို လုပ်ကြကိုင်ကြပါ။ ခါတိုင်းအတိုင်းပဲ စားသောက်လမ်းလျှောက် ရေချိုး အ၀တ်လျှော်အစရှိတဲ့ အလုပ်တွေကို လုပ်ကြပါ။ ဒါပေမယ့် ဒီအလုပ်တွေကို ၀ိပဿနာနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။
မျက်စိဖွင့်ပြီး အလုပ်လုပ်နေတုန်းမှာပဲ လုပ်သမျှကို သိရှိပြီး သတိရှိနေဖို့ပါပဲ။ ဒီအလုပ်တွေဟာ သူ့နဂိုအတိုင်း သဘာဝလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရမှာဖြစ်ပါတယ်။ ယထာဘူတ သူ့သဘောအတိုင်း သူ့သဘာဝအတိုင်း သူဖြစ်နေတဲ့အတိုင်း အဖြစ်ကို အဖြစ်အတိုင်း အဟုတ်ကိုအဟုတ်အတိုင်းလို့ ဆိုလိုပါတယ်။
ဥပမာ - လမ်းလျှာက်ရင် မှန်မှန်ရိုးရိုးပဲလျှောက်ပါ။ ဖြည်းဖြည်းနှေးနှေးလေး လျှောက်ဖို့မလိုပါဘူး။ ဒီကမ္မဋ္ဌာန်းနည်းမှာ ဖြည်းဖြည်းကလေး လမ်းမလျှောက်ရပါဘူး။ ဖြည်းဖြည်းလေးလဲ မစားရပါဘူး။ ရိုးရိုးမှန်မှန်အတိုင်းပဲ စားသောက်လုပ်ကိုင်ပါ။ လုပ်သမျှ အပြုအမူတွေမှာတော့ သတိပဋ္ဌာန်းနဲ့ လုပ်ကိုင်ရမှာဖြစ်ပါတယ်။ အပြုအမူကို သတိရှိနေရုံသာမဟုတ်ဘဲ လုပ်နေတုန်းအခါမှာ ခံစားတွေ့ထိနေရတဲ့ ဝေဒနာကိုပါ သိနေဖို့ရာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment