စိတ်ဆင်းရဲမူတွေ တွေ့လာရင် များသောအားဖြင့် လူတွေကတော့ ပြဿနာကိုရှောင်ပြီး ထွက်ပြေးတိမ်းရှောင်နေလေ့ရှိပါတယ်။ မဟုတ်ရင်လဲ စိတ်ရဲ့အာရုံကိုဖျော်ဖြေမူ တစ်ခုခုနဲ့ ပြောင်းလဲပစ်တတ်ကြပါတယ်။ ရုပ်ရှင်တို့ ဇာတ်ပွဲတို့သွားမယ်။ ကလပ်သွားပြီး အရက်သောက်မယ်။ မဟုတ်ရင်လဲ အိမ်မှာနေပြီး တီဗွီကြည့်နေမယ်၊ စသည်ဖြင့် ခံစားနေရတဲ့ စိတ်ဆင်းရဲမူတွေကို မေ့ပျောက်သွားအောင် လုပ်ကြပါတယ်။
ဒါတွေဟာ ပြဿနာတွေရဲ့ အဖြေတော့ မဟုတ်ကြပါဘူး။ စိတ်ဆင်းရဲမူတွေကတော့ ရှိနေသေးတာပါပဲ။ အမှန်မှာတော့ ဒီလိုနည်းတွေဟာ စိတ်သောကကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုးပွားပေးနေတာ ဖြစ်ပါတယ်။
ရှေးပညာရှိကြီးတွေ၊ သူတော်ကောင်းကြီးတွေက လူသားတွေ ဆင်းရဲဒုက္ခတွေ လွတ်မြောက်ရေးအတွက် အမျိုးမျိုးပဲ ကြိုးစားခဲ့ကြပါတယ်။ တချို့ကတော့ စိတ်သောကကို ပျော်ရွှင်မူတွေနဲ့ မဖြေဖျောက်ဘဲနဲ့ မိမိတို့ ယုံကြည်အားထားကိုးကွယ်ရာဖြစ်တဲ့ ဘုရားတို့၊ နတ်တို့၊ ဘိုးတော်တို့ အစရှိသည်တို့ကို စိတ်ထဲကပဲဖြစ်စေ၊ တမ်းတလိုက်၊ ရှိန်းလိုက်ရင် စိတ်အာရုံတွေ ပြောင်းသွားပါလိမ့်မယ်လို့ ပြောကြပါတယ်။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲတန်ခိုးအာဏာရှိရှိ၊ တစ်ကမ္ဘာလုံးကို အုပ်စိုးရတဲ့ ဘုရင်ဧကရာဇ်ကြီးပဲဖြစ်ဖြစ် တစ်သက်တာလုံး မကြိုက်တာ မဖြစ်စေရဘူး၊ ကြိုက်တာပဲ ဖြစ်ရမယ်လို့တော့ မလုပ်နိုင်စွမ်းပါဘူး။ ကိုယ်မကြိုက်တာ၊ မဖြစ်စေချင်တာ တစ်ခုခုဖြစ်လာတယ်ဆိုရင် လူတွေဟာ စိတ်ထဲမှာ အကုသိုလ်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ လောဘစိတ်၊ ဒေါသစိတ်၊ ရန်လုပ်လိုတဲ့ စိတ်တွေပေါ့။ လိုချင်တာတွေကို တမ်းတနေပြီး တွယ်တာစွဲလန်းနေမူတွေဟာလဲ အင်မတန်များတာပဲ။ ဒီလိုစိတ်တွေ ဖြစ်တဲ့အခါမှာ စိတ်ဆင်းရဲမူကို အင်မတန် ခံစားကြရပါတယ်။
တချို့ကျတော့လဲ သူတို့ယုံကြည်အားထားတဲ့ နတ်တို့၊ ဘိုးတော်တို့၊ အစရှိသည်ကို တလိုက်ရင် စိတ်ဆင်းရဲတွေက ဒါဟာ ဒီနတ်တွေ၊ ဘိုးတော်တွေက သူတို့ကို ကိုးကွယ်တာကို စိတ်ရဲ့အာရုံကို ပြောင်းပေးလိုက်တော့ သက်သာရာရသွားတယ်လို့ ထင်နေကြပါတယ်။ ဒါဟာလဲ စိတ်ရဲ့ထွက်ပေါက်နည်း တစ်ခုဆိုပေမယ့်လို့ စိတ်ချမ်းသာရဖို့ အကူအညီပေးတန်သလောက်ပဲ ပေးပါတယ်။
ဒါပေမယ့် အရိယာဖြစ်တဲ့ ပုဂ္ဂိုလ်များကတော့ ဒီလိုနည်းတွေနဲ့ မကျေနပ်ပါဘူး။ စိတ်ရဲ့ အနက်ရိုင်းဆုံးဖြစ်တဲ့ အပိုင်းအထိကို စူးစမ်းခဲ့ကြပြီး ရုပ်နာမ်စုကြီးတစ်ခုလုံးကို ရှာဖွေတော့ အမှန်တရားကို တွေ့ကြပါတယ်။ အမှန်တရားကို ဘာဝနာမယဉာဏ်နဲ့ ထိတွေ့ခံစားပြီးတဲ့နောက် ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဆင်းရဲမူတွေ အမျိုးမျိုးထဲက လွတ်မြောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကို ဖြူစင်သန့်ရှင်းအောင်လုပ်ပြီး အကုသိုလ်စိတ်တွေ အားလုံးကကျော်လွန်လာပြီး မေတ္တာ၊ ကရုဏာ အပြည့်အ၀ဖြစ်တဲ့၊ အညစ်အကြေး လုံးဝကင်းစင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ ဒီလိုမေတ္တာ ကရုဏာစိတ်တွေနဲ့ အမှန်တရားတွေကို ကိုယ်တိုင်သိနိုင် ခံစားနိုင်တဲ့ နည်းကောင်းလမ်းကောင်းတွေကိုလည်း ဝေငှပေးကမ်းခဲ့ကြပါတယ်။
နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးသူ ပုဂ္ဂိုလ်ကြီးတွေက တခြားဘာတွေ တွေ့ခဲ့ကြသေးသလဲဆိုတော့ ပါးစပ်နဲ့ ရွတ်ဖတ်နေတဲ့ ဘာဝနာနည်း၊ စိတ်ကူးနဲ့ မျက်စိထဲမှာ ပေါ်လာအောင် ရူနေတဲ့ ဘာဝနာနည်းတွေဟာ စိတ်ရဲ့သက်သာမူကို ခဏတော့ရနိုင်စေပေမယ့်လို့၊ အကုသိုလ်စိတ်တွေ မရှိတော့ဘူး၊ ပျောက်ကွယ်သွားပြီလို့ ထင်ရပေမယ့်လို့ အမှန်ကတော့ စိတ်ရဲ့ အပေါ်ယံပိုင်းကနေ ထွက်ခွာသွားပြီး၊ ပျောက်ကွယ်သွားကြပြီး စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းထဲကို ထိုးသွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒီအကုသိုလ်စိတ်တွေဟာ စိတ်ရဲ့နက်ရိုင်းတဲ့အပိုင်းကို ရောက်သွားပြီးတော့ ပွားများနေကြပါတယ်။ စိတ်ရဲ့နက်ရိုင်းတဲ့အပိုင်းဟာ ကိုယ်ခန္ဓာနဲ့အမြဲ ဆက်သွယ်နေပါတယ်။ ကိုယ်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ ဝေဒနာတွေနဲ့ ဆက်သွယ်ပြီး ကြိုက်တာ မကြိုက်တာ လိုချင်တာ မလိုချင်တာတွေနဲ့ ပြန်ပြီး တုန့်ပြန်နေကြပြီး သင်္ခါရအသစ်တွေ ပွားများနေကြပါတယ်။
စိတ်ရဲ့အပေါ်ယံမှာတော့ လူတွေဟာ ငါဒီဂါထာလေးရွတ်လိုက်လို့၊ ဒီနတ် ဒီဘိုးတော်ကို ရည်မှန်းပြီး ကိုးကွယ်လိုက်လို့ ငါ့မှာ အကုသိုလ်စိတ်တွေမရှိတော့ဘူး၊ အကုသိုလ်စိတ်တွေ ကုန်ပါပြီလို့ ထင်မှန်နေရပေမယ့်လို့ အမှန်ကတော့ အကုသိုလ်စိတ်တွေက ရာခိုင်နူန်းအပြည့် လွတ်မြောက်သွားတာ မဟုတ်ပါဘူး။ ဒီကိလေသာတွေဟာ စိတ်ရဲ့နက်ရိုင်းတဲ့ အပိုင်းမှာ သွားပြီးကိန်းအောင်းနေပြီး မပေါက်ကွဲသေးတဲ့၊ ငြိမ်သက်နေတဲ့ မီးတောင်များလို ရှိနေကြပြီး သူတို့ကို “အနုသယကိလေသာ”လို့ ခေါ်ပါတယ်။ ကိလေသာအညစ်အကြေးတွေကို အမြစ်ပြတ်သုတ်သင်ပစ်နိုင်မှသာ မိမိတို့ရဲ့ ဆင်းရဲမူအားလုံးဟာ ပျောက်ကင်းနိုင်ကြပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment