ဒါကို ကောင်းကောင်း နားမလည်တော့ ဒီခံစားလို့ကောင်းတဲ့ သိမ်မွေ့ဝေဒနာ သုခဝေဒနာတွေကို စွဲလမ်းပြီး နှစ်သိမ့်နေရင် တွယ်တာနေရင် ဒါဟာယောဂီတို့ရဲ့ တရားလမ်းစဉ်ကို ပိတ်ဆို့မူကြီးဖြစ်သွားပြီး ရှေ့ဆက်သွားရမယ့် လမ်းပိတ်သွားပြီး တိုးတက်မူရပ်စဲသွားပါလိမ့်မယ်။
ဒီစခန်းဟာ လမ်းထက်ဝက်မှာပဲရှိတဲ့ အနားစခန်းပဲ ရှိပါသေးတယ်။ ခဏ တည်းခိုတဲ့ဇရပ်ပဲ ရှိပါသေးတယ်။ လမ်းဆုံး မရောက်သေးပါဘူး။ ဒါကိုလမ်းဆုံးပန်းတိုင်လို့ ယူဆပြီး ဒီကနေ နောက်ထပ်လမ်းစဉ်ကို မလျှောက်တော့ဘူးဆိုရင်တော့ အင်မတန်ကြီးမားတဲ့ ဘေးရန်ကြီးပါပဲ။
ဒါကြောင့် သိမ်မွေ့ဝေဒနာကို ခံစားရတဲ့အခါ ယောဂီတို့ဟာ သိပ်ပြီး သာယာနှစ်သိမ့်နေရင် ဥပေက္ခာစိတ် မရှိတော့ပါဘူး။ လိုချင်မူ၊ စွဲလမ်းမူတွေ ဖြစ်လာပါတယ်။ ခံရခက်တဲ့ ကြမ်းတမ်းဝေဒနာ၊ ဒုက္ခဝေဒနာတွေကို ခံစားရတော့လည်း စိတ်ညစ်ပြီးနေကြပြန်ပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ၀ိပဿနာ မဟုတ်ပါဘူး။
ဓမ္မလမ်းစဉ်ကို ကောင်းကောင်းနားလည်ပြီး ရုပ်နာမ်နှစ်ပါးမှာ ဖြစ်ပျက်နေသမျှ ခံစားနေရသမျှတွေကို ဥပေက္ခာနဲ့ရူပြီး သူတို့ရဲ့ မမြဲတဲ့ သဘောတရား အနိစ္စတရားကို ရူဖို့ရာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment