အသက်ရှင်နေတယ်ဆိုတာ ရုပ်နာမ်တရားပါပဲ။ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာ အစုအပေါင်းတို့ စုပေါင်းထားမူပါပဲ။ လူတစ်ဦး အသက်ရှင်နေတယ်ဆိုတာဟာ ရုပ်နာမ် ၂-မျိုး အမြဲဖြစ်ပွားနေပြီး ရေစီးနေသလို စီးနေတာဖြစ်ပါတယ်။ ဒီလို မရပ်မနား အမြဲပဲ စီးနေဖို့ရာအတွက် တွန်းအားဖြည့်ပေးဖို့ရာ လိုပါတယ်။ ခန္ဓာကိုယ်အတွက်ဆိုရင် အစာ အာဟာရဖြည့်ပေးရပါတယ်။
လူတစ်ဦးဟာ အစာအငတ်ခံတယ်၊ ဘာမှမစားဘူးဆိုပါစို့။ ပထမရက်တော့ ဘာမှ မဖြစ်ပါဘူး။ ခန္ဓာကိုယ်က ဆက်ပြီး အသက်ရှင်နေတာပါပဲ။ ၂-ရက် ၃-ရက်ကနေပြီး ၁၀-ရက်၊ တစ်လ၊ နှစ်လအထိ အသက်ဆက်ပြီး ရှင်နေပြီး နောက်ဆုံးကျတော့ အသက်ရပ်စဲသွားပြီး သေဆုံးသွားပါတယ်။
အစာအဟာရကိုလည်းပဲ ဘာမှ မစားဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး နောက်တစ်လ၊ နှစ်လကြာအောင် အသက်ဆက်ပြီး ရှင်နေတာလဲဆိုတော့ အာဟာရကို အခုမစားတော့ပေမယ့်လို့ ဒီပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အရင်က စားထားတဲ့ အာဟာရတွေဟာ အသားအဖြစ်၊ အဆီအဖြစ်တို့နဲ့ သိုလှောင်ထားတာတွေ ရှိနေသေးတာကိုး။ ခန္ဓာကိုယ်က ဒီသိုလှောင်ထားတဲ့ အဆီအသား အာဟာရတွေကိုစားပြီး အသက်ကို ဆက်ပေးနေတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်စားနေသလိုပေါ့။
သိုလှောင်ထားတဲ့ အသားတွေ၊ အဆီတွေအားလုံး ကုန်ခန်းသွားပြီး နောက်ထပ် ဘာမှ မရှိတော့ဘူးဆိုတော့မှ အသက်ရေစီးကြောင်းက နောက်ထပ်ဆက်ပြီး မစီးနိုင်တော့ဘဲ ရပ်စဲသွားပါတယ်။ သေသွားတာပေါ့။
စိတ်ကလည်း ဒီလိုပါပဲ။ ဆက်လက်ပြီး ဖြစ်ပွားနေအောင် တွန်းအားအတွက် စိတ်ရဲ့ အာဟာရလဲ လိုပါတယ်။ စိတ်ရဲ့အာဟာရကတော့ ယောဂီတို့ ဖန်တီးပေးနေတဲ့ ကုသိုလ်၊ အကုသိုလ် သင်္ခါရတွေပေါ့။ ကိုယ်ခန္ဓာအတွက် အာဟာရကတော့ တစ်နေ့မှာ တစ်ကြိမ်၊ နှစ်ကြိမ် ကျွေးပေးမယ်ဆိုရင် ရပါပြီ။ လုံလောက်ပါပြီ။ ဒါပေမယ့် စိတ်ခန္ဓာ အာဟာရကတော့ မရပ်မနား တစ်ချိန်လုံး တစ်ခဏတိုင်း တစ်ခဏတိုင်း ကျွေးပေးနေရပါတယ်။ တစ်ခဏလေးတိုင်းမှာ သင်္ခါရတစ်ခုဟာ ဖြစ်ပွားနေမှ နောက်တစ်ခုရဲ့ စိတ်ဟာ ဖြစ်ပေါ်လာနိုင်ပါတယ်။
“သင်္ခါရပစ္စယာ ၀ိညာဏံ” ဆိုတဲ့ အတိုင်းပါပဲ၊ သင်္ခါရကြောင့် စိတ်ရဲ့ အာရုံကိုသိတတ်တဲ့ ၀ိညာဏ်အပိုင်း ပေါ်လာပါတယ်။ သင်္ခါရ တစ်ခုဖြစ်ပွားတော့မှ အာရုံကို သိတတ်တဲ့ စိတ်က နောက်တစ်ခဏမှာ ပေါ်လာပါတယ်။ ဒီလိုပဲ သင်္ခါရနဲ့ ၀ိညာဏဟာ သင်္ခါရပြီးရင် ၀ိညာဏ၊ သင်္ခါရ ၀ိညာဏ၊ သင်္ခါရ ၀ိညာဏနဲ့ စိတ်ဟာ မရပ်မနား မပြတ်မစဲဘဲ တစ်ဆက်တည်း စီးဆင်းနေပါတယ်။ ယောဂီတို့ဟာ ဒီကမ္မဋ္ဌာန်းနည်းနဲ့ ၀ိပဿနာကို ကျင့်ကြတဲ့အခါကျတော့ တကယ်ပဲ ဥပေက္ခာနဲ့ သမ္ပဇဉ်နဲ့ ကျင့်မယ်၊ တုန့်ပြန်မူလုံးဝ မလုပ်တော့ဘူးဆိုရင် သင်္ခါရ အသစ်တွေ မဖြစ်တော့ပါဘူး။ အာဟာရ မရတော့ဘဲကိုး။
စိတ်ခန္ဓာကလဲ သင်္ခါရဆိုတဲ့ အာဟာရလိုပါတယ်။ အာဟာရမရတော့ တွန်းအား ဘယ်သူက ပေးနိုင်ပါ့မလဲ။ နောက် တစ်ခဏအတွက် စိတ်ကို တယ်လိုဆက်ပြီး ပျိုးရမလဲ၊ ခန္ဓာကိုယ်အပိုင်းတုန်းက ပြောခဲ့သလိုပါပဲ။ စိတ်ခန္ဓာဟာလည်း ဒီနည်းအတိုင်း အတူတူပါပဲ။ အတိတ်ကာလက အရင်တုန်းက စုဆောင်းသိုလှောင်ထားခဲ့တဲ့ တိမ်မြှုပ်နေတဲ့ သင်္ခါရအဟောင်းတွေဟာ ပေါ်ထွက်လာကြပြီး သူတို့က စိတ်ကို ဆက်လက်ဖြစ်ပွားစေပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment