နောက်မှ အသီးသီးရမယ့် သင်္ခါရမျိုးစေ့တွေဟာ စိတ်ခန္ဓာမှာ အာဟာရမရှိတော့ အခုအသီးသီးပေးကြရတာ ဖြစ်ပါတယ်။ မျိုးစေ့နဲ့ အသီးဟာ သဘာဝခြင်း အတူတူပဲဖြစ်ပါတယ်။ လက္ခဏာချင်းလဲ တူကြပါတယ်၊ ဒေါသသင်္ခါရမျိုးစေ့ကို ချတဲ့အချိန်တုန်းက ကိုယ်ခန္ဓာပေါ်မှာ အင်မတန်မခံသာတဲ့ ဝေဒနာတွေကို ခံစားခဲ့ရရင် အဲဒီမျိုးစေ့ အသီးသီးတဲ့အခါကြတော့လဲ အလားတူ အကျိုးပေးပြီး မခံသာတဲ့ ဝေဒနာကိုပဲ ခံစားကြရပါတယ်။
ဒီအခါမှာ ယောဂီက မခံသာတဲ့ ဝေဒနာကို ဒေါသနဲ့ တုံ့ပြန်မူ မလုပ်ဘဲ သူလဲ အနိစ္စပဲ၊ သူလဲ မြဲတာမှ မဟုတ်ဘဲလို့ သတိရှိနေပြီး ဥပေက္ခာနဲ့ ရူနေရင်တော့ သူ့ဟာသူ အရှိန်တွေပြေးသွားပြီး ချုပ်ငြိမ်းသွားကြပါလိမ့်မယ်။ နောက်ထပ် သင်္ခါရအသစ် ပွားမလာတော့ပါဘူး။
ဒီလိုမှ မဟုတ်လို့ ယောဂီက မသာယာတဲ့ ဝေဒနာတွေကို ခံစားရတော့ ဒေါသနဲ့ တုံ့ပြန်လိုက်ရင် ဒေါသသင်္ခါရတွေ တစ်ဖန်ပွားလာဦးမှာပဲ။ ဒီလိုနဲ့ ပွားသထက်ပွား၊ များသထက်များ လာရတာဖြစ်ပါတယ်။ သင်္ခါရအသစ်တွေ မဖြစ်ရင် စိတ်ခန္ဓာမှာ အာဟာရဖြည့်မပေးတော့ အာဟာရဖြစ်စေတဲ့ စုပေါင်းသိုလှောင်ထားတဲ့ သင်္ခါရအဟောင်းတွေ၊ အနုသယကိလေသာတွေဟာ ပေါ်ထွက်လာကြပါတယ်။ သူတို့ကိုလဲ ဥပေက္ခာနဲ့ရူနေပြီး တုံ့ပြန်မူမလုပ်ရင် သူတို့လဲ ချုပ်ငြိမ်းပျောက်ကွယ်သွားကြပါတယ်။
ဒီလိုနဲ့ ဘ၀ဘ၀က စုပေါင်းသိုလှောင်ပြီး သယ်ယူလာခဲ့တဲ့ သင်္ခါရ အဟောင်းတွေ၊ ကံဟောင်းကံကြွေးတွေ၊ ကိလေသာဟောင်းတွေက အလွှာလိုက် အလွှာလိုက် ပေါ်လာကြပါတယ်။ ဒီလိုပေါ်လာတဲ့အခါမှာ ယောဂီဟာ ကြမ်းတမ်းတဲ့၊ မခံသာတဲ့၊ ဒုက္ခဝေဒနာအဖြစ်နဲ့ ခံစားတတ်ရပါတယ်၊ ဒီလိုခံစားရတဲ့အခါ တုန့်ပြန်မူမလုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ တုံ့ပြန်နေရင်တော့ သင်္ခါရတွေ ထပ်ပြီးတိုးပွားကြမှာ ဖြစ်ပါတယ်။
ဒီတရားကို ဦးနှောက်အသိဉာဏ်နဲ့ သုတမယ၊ စိန္တမယအသိဉာဏ်နဲ့ သိနေရုံနဲ့တော့ သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်သေးပါဘူး။ ယောဂီတို့ဟာ ဘာဝနာမယဉာဏ်နဲ့ ဝေဒနာတွေကို ခံစားရတဲ့အခါမှာ မသာယာတဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေ ဒေါသ သင်္ခါရအဟောင်းတွေကို ကုန်အောင်၊ မဟုတ်ရင်လည်း သာယာဖွယ်ကောင်းတဲ့ ဝေဒနာတွေ၊ သုခဝေဒနာတွေကို၊ လောဘ သင်္ခါရ အဟောင်းတွေကို ကုန်အောင် ချေမူန်းပစ်ဖို့ရာအတွက် သမ္ပဇဉ်နဲ့ ဥပေက္ခာကို အသုံးပြုကြပါ။ တဖြည်းဖြည်းနဲ့ အနုသယကိလေသာတွေ၊ အာသ၀တွေ ကုန်ခန်းလာပြီး နောက်ဆုံးပန်းတိုင်ကို ဆိုက်ရောက်ကြပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment