လူတွေဟာ တရားကို အမျိုးမျိုးနဲ့ နားလည်ကြပါတယ်။ ဆရာကြီးဦးဘခင်ရဲ့ တပည့်ကြီးတစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်သားတစ်ဦးဟာ ရက် ၃၀-တရားထိုင်ဖို့ ရန်ကုန်ကို ရောက်လာပါတယ်။ သူကတော့ ဒုံပျံတွေ အနုမြူလက်နက်တွေလုပ်တဲ့ ရူပဗေဒ သိပ္ပံပညာရှင်ကြီး တစ်ဦးဖြစ်ပါတယ်။
သူက စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းက သင်္ခါရတွေကို ပယ်ရှားနိုင်တယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ လက်မခံနိုင်ပါဘူး။ ဒီတော့ ဆရာကြီး ဦးဘခင်က မယုံကြည်ရင်လည်း လက်မခံပါနဲ့။ ဘုရားဟောတာမို့လို့ လက်မခံပါနဲ့။ ဆရာသမားပြောတာမို့လို့လဲ လက်မခံပါနဲ့။ ကျမ်းဂန်လာတာဖြစ်လို့လည်း လက်မခံပါနဲ့။ ကိုယ်ကိုယ်တိုင် လက်တွေ့ခံစားပြီးမှ ဘာဝနာမယဉာဏ်နဲ့ သိပြီးမှ လက်ခံပါ၊ ဒါပေမယ့် ကျွန်တော်ညွှန်ကြားပြသတာတွေကိုတော့ တစ်သဝေမတိမ်းလိုက်နာပြီးတော့ ကျင့်ရပါလိမ့်မယ်။ ကျင့်နိုင်မယ်ဆိုရင်တော့ ခင်ဗျားမှာ အကျိုးထူးခံစားရပါလိမ့်မယ်လို့ ပြောပါတယ်။
ဒီတော့ သူက သဘောတူပြီး လက်ခံပါတယ်။ တစ်လလုံးလဲ ၀ီရိယနဲ့ အားထုတ်ပြီး တရားကို ကောင်းကောင်းကျင့်ပါတယ်။ တရားပတ်ပြီးသွားတော့ သူအင်မတန် သဘောကျအားရပြီး နှစ်သက်မူရသွားပါတယ်။
ဒါပေမယ့် “ဝေဒနာကို ရူတာနဲ့ ကိလေသာစင်တာဟာ ဘယ်လိုဆိုင်တာလဲ” ဆိုတာကိုတော့ နားမလည်နိုင်ဘူးလို့ ပြောသွားပါတယ်။ သူ့နေရပ်ပြန်ရောက်တဲ့အခါကျတော့ ဆရာကြီး ဦးဘခင်ထံစာရေးပြီး သူရဲ့ဘ၀မှာ ပြောင်းလဲမူတွေ ဖြစ်လာတဲ့အကြောင်း၊ သူအရက်ပြတ်သွားတဲ့အကြောင်း၊ သူ့ရဲ့အရင်က အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်ရေးအကြောင်း၊ အခုတော့ အလုပ်ခွင်မှာရော အိမ်ထောင်ရေးမှာရော ချောမောပြေပြစ်နေတဲ့ အကြောင်းတွေကို ဖော်ပြပါတယ်။ အရင်ကလို စိတ်တိုတာတွေ၊ စိတ်ညစ်တာတွေလည်း သိပ်မဖြစ်တော့ပါဘူးလို့လဲ ပြောပါတယ်။
နောက်တစ်နှစ်လောက်ကြာပြီးတော့ နောက်တစ်ခါ ၄၅-ရက် တရားပတ်ဝင်ဖို့ ရောက်လာပြန်ပါတယ်။ ဒုတိယခေါက်ပြန်သွားပြီး အတော်ကြာတော့ ဆရာကြီး ဦးဘခင်ထံ စာရေးပြန်ပါတယ်။ “ဝေဒနာရူတာနဲ့ ကိလေသာတွေ ဘယ်လိုစင်တယ်”ဆိုတာကို အခုသူသိသွားပြီလို့ ပြောပါတယ်။ သူက သတ္တုဗေဒပါရဂူလည်း ဖြစ်ပါတယ်။ သတ္တုထဲမှာပါတဲ့ အညစ်အကြေးတွေကို ကုန်စင်အောင် လုပ်တဲ့အခါမှာ အညစ်အကြေးလေး အနည်းငယ်ကလေး အနုမြူလောက် ပါနေသေးရင်တောင် ဒီသတ္တုဟာ လုံးဝကင်းစင်ပြီလို့ မခေါ်နိုင်သးပါဘူး။
သတ္တုတွေထဲမှာပါတဲ့ အခြားသတ္တုတွေ၊ အညစ်အကြေးတွေ ရောနေတာကို စင်ကြယ်သွားစေချင်ရင် အများအားဖြင့်တော့ အရည်ကျိုပစ်ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အရည်ကျိုကျို လုံးဝရာခိုင်နူန်းအပြည့်တော့ မစင်ကြယ်နိုင်ပါဘူး။ အနုမြူလေးလောက်သာ ကျန်နေသေးရင်တော့ အရည်ကျိုလို့လဲ မရနိုင်တော့ပါဘူး။ ဒီတော့ ဒီသတ္တုကို အချောင်းပုံစံသွင်းပြီး ရာခိုင်နူန်းအပြည့် သန့်စင်ပြီးဖြစ်တဲ့ ဒီသတ္တုမျိုးနဲ့ပဲ ကွင်းပုံစံကို သတ္တုချောင်းပေါ်က စွပ်သွင်းပြီး ဆွဲလိုက်ရင် ဆွဲအားတစ်မျိုး ဖြစ်ပေါ်လာပါတယ်။
သတ္တုချောင်းထဲမှာရှိတဲ့ မစင်ကြယ်တဲ့ဟာတွေအားလုံး ပျောက်ကွယ်သွားပြီး သတ္တုချောင်းဟာ လုံးဝကင်းစင်သွားပါတယ်။ “ဗုဒ္ဓကလည်း လူရဲ့ တစ်ကိုယ်လုံးကို ခြေဆုံး ခေါင်းဆုံး စင်ကြယ်တဲ့ အာရုံသိမူ ကွင်းနဲ့စွပ်ပြီး ကိလေသာတွေ စင်ကြယ်ရေးကို လုပ်တာပါပဲ”လို့ သူက ပြောပါတယ်။ “ဒီကွင်းဟာ လုံးဝမစင်ကြယ်ဘဲ အကုသိုလ်တွေ၊ ကိလေသာတွေပါနေရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်မထုတ်နိုင်ပါဘူး၊ မစင်ကြယ်စေနိုင်ပါဘူး”လို့ ပြောပါတယ်။ သူကတော့ သိပ္ပံပညာရှင်မို့လို့ သိပ္ပံနည်းကျကျ ရှာဖွေပြောတာကိုး၊ တခြားလူတွေက ဒါတွေကို အသေးစိတ်လိုက်နေဖို့မလိုပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment