ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 3 May 2012

အနာထပိဏ်သူဋ္ဌေးကြီး

အနာထပိဏ်သူဋ္ဌေးကြီးဆိုတာ မြတ်စွာဘုရားလက်ထက်တော်က အချမ်းသာဆုံးသော ပုဂ္ဂိုလ်ကြီးထဲမှာ တစ်ဦးပါပဲ။ ဒါပေမယ့် ဘယ်လောက်ပဲချမ်းသာချမ်းသာ ဒုက္ခဆင်းရဲကတော့ မကင်းလွတ်နိုင်သေးပါဘူး။ မြတ်စွာဘုရားထံက တရားဓမ္မကိုရပြီး သူကိုယ်တိုင် လိုက်နာကျင့်သုံးတော့ သောတာပန်တည်ပါတယ်။

ဆင်းရဲတဲ့လူတွေကို ရက်ရက်ရောရော အလှူကြီးပေးတဲ့ လူဖြစ်တော့ ဒါနအရာမှာ ပြောဖွယ်ရာမရှိပါဘူး။ ဒါနရှိပေမယ့် ဓမ္မမရှိဖြစ်နေခဲ့တာပေါ့။ ဒါနဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အတ္တနဲ့ယှဉ်နေတဲ့ ဒါနတော့ မဖြစ်သင့်ပါဘူး။ ဒါနပြုတာဟာ မိမိရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ရှာဖွေရရှိခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို သူတပါးတွေနဲ့ ဝေငှခြင်း ဖြစ်ပါတယ်။ ကိုယ်တစ်ဦးတည်း အကျိုးခံစားကြဖို့ တစ်ကိုယ်ကောင်းစိတ်မဟုတ်ဘဲ ပေးကမ်းဝေငှချင်တဲ့ စိတ်ဟာ စိတ်ကောင်းစိတ်မြတ်ပါပဲ။ သူတစ်ပါးအတွက် စဉ်းစားတတ်တယ်ဆိုရင်ပဲ ကိုယ်အတွက် ငါဆိုတဲ့အတ္တ သိပ်မပါတော့ပါဘူး။

အနာထပိဏ်သူဋ္ဌေးကြီးကလည်း ဗုဒ္ဓနဲ့တွေ့ပြီး တရားရလာတော့ စိတ်ထားတွေ ပြောင်းလဲပြီး စေတနာတွေကလဲ ပြောင်းလဲပြီး သူများအကျိုးကို ပိုမိုလိုလားပါတယ်။ “ဆင်းရဲနွမ်းပါးသူတွေကို ပိုက်ဆံပေးလိုက်တာ၊ ငတ်မွတ်နေတဲ့သူတွေကို အစာကျွေးလိုက်တာဟာလည်း ကောင်းတော့ကောင်းပါတယ်။ ငတ်နေတဲ့သူဟာ အစာစားလိုက်ရလို့ တစ်နေ့အတွက်တော့ သူဟာအစာပြေသွားတာပေါ့။ နောက်တစ်ရက်ကျတော့ ဆာပြန်တာပါပဲ။ အ၀တ်အစား မရှိတဲ့လူကို အ၀တ်အစားပေးရင် နောက်တစ်နှစ်ကျတော့ စုတ်ပြတ်ကုန်ပြီး အ၀တ်အသစ်လိုပြန်တာပါပဲ။ ဖျားနေတဲ့သူကို ဆေးဝါးပေးရင်လည်း အခုဖျားနေတာ ပျောက်ကွယ်သွားပေမယ့် နောက်ရောဂါတစ်မျိုးမျိုး ပေါ်ပေါက်ဖိစီးဦးမှာပါပဲ။ တရားဓမ္မကိုပေးလိုက်ရင်တော့ ဆင်းရဲတွေ ခပ်သိမ်းသောဒုက္ခတွေ အလုံးစုံလွတ်မြောက်ကြ မှာဖြစ်ပါတယ်”လို့ တွေးမိပါတယ်။

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အရသာအားလုံးတို့တွင် ဓမ္မရသ = တရား၏အရသာသည် အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်ပါတယ်။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = အလှူပေးခြင်းအားလုံးတို့တွင် ဓမ္မဒါန = တရားအလှူကိုပေးခြင်းသည် အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်ပါတယ်။ ဒီတော့လူတွေ များနိုင်သလောက်များများ တရားဓမ္မတွေကို ရစေချင်တဲ့ စေတနာကောင်းတွေ သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာပါတယ်။

သူကသူနေတဲ့ သာဝတ္ထိမြို့မှာ မြတ်စွာဘုရားနဲ့ တပည့်ရဟန်းတွေအတွက် ကျောင်းနေဆာက်လှူဖို့ စိတ်ဆုံးဖြတ်ချက်ချပြီး မြတ်စွာဘရားရဲ့ ခွင့်ပြုချက်အရ ကျောင်းဆောက်ဖို့ နေရာကို ရှာပါတယ်။ ကျောင်းက တရားစခန်းလည်းဖြစ်မှာဆိုတော့ မြို့နဲ့သိပ်မနီး မဝေးစေရပါဘူး။ မြို့နဲ့နီးအားကြီးတော့လည်း ဆူသံညံသံတွေရှိပြီး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်ရှိမှာ မဟုတ်ပါဘူး။ ဝေးအားကြီးတော့လည်း လူတွေသွားလာရခက်မှာ စိုးရပြန်ပါတယ်။

မြို့အပြင်ဘက်လောက်မှာပဲ သင့်တော်တဲ့နေရာမှာ ဥယျာဉ်ခြံကြီးတစ်ခုတွေ့ပါတယ်။ သစ်ပင်တွေ အရိပ်အာဝါသတွေများပြီး အေးချမ်းတယ် ငြိမ်သက်တယ်ဆိုတော့ ဒီနေရာကို သဘောကျပြီးဝယ်ဖို့ရာ ခြံပိုင်ရှင်ဘယ်သူလဲ စုံစမ်းလိုက်တော့ ဇေတမင်းသားရဲ့ ခြံဖြစ်မှန်းသိရပါတယ်။ ဒီခြံဟာ သူပျော်ပါး အပန်းဖြေရာ နေရာဖြစ်တယ်လို့ စကားပြန်လိုက်ပါတယ်။ သူဋ္ဌေးကြီးကလည်း သိပ်လိုချင်တော့ အခါခါထပ်ပြီး ပူဆောနေတော့ မင်းသားက ခြံရဲ့မြေပေါ်မှာ ရွှေဒင်္ဂါးတွေ အပြည့်ခင်းပေးမှ ရောင်းမယ်လို့” ပြောလိုက်တော့ သူဋ္ဌေးကြီးကလည်း ရွှေဒင်္ဂါးတွေကို လှည်းနဲ့တိုက်ပြီး ခြံရဲ့မြေပေါ်မှာ အပြည့်ခင်းပေးပြီး ၀ယ်ယူလိုက်ပါတယ်။ ၀ယ်ပြီးတော့ မြတ်စွာဘုရားနဲ့ တပည့်သား သံဃာတော်များ သီတင်းသုံးကြရန် ကျောင်းများနှင့်တကွ လူတွေ မြောက်မြားစွာ တရားထိုင်တဲ့ တရားခန်းမကြီး ကမ္မဋ္ဌာန်းကျောင်းကြီးလည်း ဆောက်လုပ်လှူဒါန်းပါတယ်။ မိမိအတွက်သာမက အများအကျိုးအတွက်ကိုပါ မျှော်မှန်းပြီး လှူဒါန်းပါတယ်။ သူ့စိတ်ကတော့ ပေးချင် ကမ်းချင် လှူချင် တန်းချင်စိတ်စေတနာ တစ်ခုပါပဲ။

ဒီလိုအလှူကြီးလုပ်ပြီးတဲ့နောက် အင်မတန် ကြွယ်ဝချမ်းသာတဲ့ သူဋ္ဌေးကြီးဟာ တစ်ချိန်တစ်ခါမှာ ဆင်းရဲနွမ်းပါးသွားပါသေးတယ်။ ဥစ္စာပစ္စည်းတွေ ကုန်ခမ်းသွား ငွေကြေးဘာမှ မရှိတာတောင် မြတ်စွာဘုရားထံ ကျောင်းကို လာတဲ့အခါမှာ လက်ဗလာနဲ့ မလာပါဘူး။ သူနေတဲ့အိမ်ရဲ့ ခြံမြေထဲမြေဟာ မြေသြဇာ အင်မတန် ကောင်းပါတယ်။ ဒီတော့ အနည်းဆုံး ဒီမြေကို လက်တစ်ဖက်တစ်ဆုပ်ယူလာပြီး ကျောင်းဝင်းထဲမှာ မြေသြဇာကောင်းအောင် လာကြဲချပါသေးတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment