ဝိသာခါကျောင်းအမကြီးလည်း ဘ၀ပါရမီက အင်မတန်ရင့်သန်တော့ မိဘဘိုးဘွားများက မြတ်စွာဘုရားထံလာပြီး တရားကျင့်ကြတော့ သူလဲပါပါလာပြီး တရားကျင့်တော့ (၇)နှစ်သမီးအရွယ်မှာပဲ တရားရင့်ကျက်လာပြီး သောတာပန်တည်ပါတယ်။ နောက် အိမ်ထောင်ကျပြီး ယောက္ခမအိမ်ကို လိုက်နေပါတယ်။
ယောက္ခမ မိန်းမဖြစ်သူ ကွယ်လွန်သွားပြီးဖြစ်တော့ ယောက္ခမ ယောက်ျားသူနဲ့ နေရပါတယ်။ ဒီလူကြီးဟာ အင်မတန်တရားမရှိတဲ့သူဖြစ်နေတော့ လောဘ ဒေါသ မောဟတွေ လွှမ်းမိုးနေပြီး နှလုံးစိတ်ဝမ်း အေးချမ်းမူ လုံးဝမရှိဘဲ ဒုက္ခတွေ ဝေနေပါတယ်။ ၀ိသာခါ ချွေးမလေးက ငယ်ငယ်လေးထဲက တရားရသူလေးဖြစ်တော့ ဒီပူလောင်တဲ့ အိမ်ထောင်ကြီးကို သူ့ရဲ့တရားနဲ့ အေးမြစေပါတယ်။
ယောက္ခမကြီးက တော်တော်လည်း နှမြောစေးနှဲသူဖြစ်တော့ ဒါနပြုတယ်၊ ပေးကမ်းစွန့်ကြဲတယ်ရယ်လို့ ဘယ်တော့မှ မရှိပါဘူး။ တစ်နေ့တော့ သူထမင်းစားနေတုန်း ရဟန်းတစ်ပါးဟာ သူ့အိမ်ရှေ့မှာ ဆွမ်းလာရပ်ပါတယ်။ သူက မပေးချင်မကမ်းချင် ဆွမ်းမလောင်းချင်တော့ သူစားနေတာကို မမြင်စေချင်တာနဲ့ ရဟန်းကို ကျောပေးထားပြီး စားနေပါတယ်။ ဒီတော့ ၀ိသာခါက ရဟန်းကို လျှောက်ထားပါတယ်။ “အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်မရဲ့ ယောက္ခမကြီးစားနေတာဟာ ထမင်းသိုး ဟင်းသိုးတွေပါ ဘုရား”လို့ဆိုတော့ ရဟန်းကြွသွားတော့ ယောက္ခမကြီးက စိတ်ဆိုးပြီး “နင်ဘယ်လို ပြောလိုက်တာလဲ၊ ငါစားနေတာဟာ အသိုးတွေမှ မဟုတ်ဘဲ စားကောင်းသောက်ဖွယ်တွေပဲ”လို့ ပြောလိုက်ပါသေးတယ်။
ဟင်းသိုးထမင်းသိုး(အဟောင်း)အကြောင်း
ဝိသာခါဟာ အင်မတန်လိမ္မာရေးခြားရှိသူကလေးဖြစ်တော့ ယောက္ခမကြီးကို ရှင်းပြပါတယ်။ “ထမင်းသိုးဟင်းသိုးဆိုတာက ဒီလိုပါ။ အခုအဖေခံစားနေရတဲ့ စည်းစိမ်ချမ်းသာတွေ စားကောင်းသောက်ဖွယ်တွေဟာ အဖေအရင်ဘ၀ဘ၀တွေတုန်းက ပြုလုပ်ခဲ့တဲ့ မျိုးစေ့ချခဲ့တဲ့ ရှေးကုသိုလ် အဟောင်းတွေကြောင့် ဒီဘ၀မှာ အသီးသီးပြီး ခံစား စံစားနေရတာပါ။ စားသောက်နေရတာပါ။ ဒါတွေဟာ အခုဘ၀ အခုစိုက်တာတွေ မဟုတ်ဘဲ အရင်ကဟာတွေ အဟောင်း အကြွင်းတွေပေါ့။ ဒါက အရင်ကချက်ထားတဲ့ ထမင်းသိုး ဟင်းသိုးတွေပေါ့။ လတ်လတ် ဆတ်ဆတ် အခုဒီဘ၀မှာ ချက်ထားတာမှ မဟုတ်ဘဲ။ အခုဘ၀မှာတော့ အဖေက နှမြောတွန့်တိုနေပြီး မပေးရက် မကမ်းရက်နဲ့ ကောင်းမူ ကုသိုလ်ဒါနဆိုလို့ ဘာမှလဲမလုပ်၊ ကောင်းမူကုသိုလ် မျိုးစေ့လဲမချတော့ နောင်ဖြစ်ရမယ်ဘ၀တွေမှာ အဖေ့မှာ ဘာစည်းစိမ် ဘာဥစ္စာရယ်လို့ ရှိမှာမဟုတ်ဘူး။ စားစရာလဲရှိမှာ မဟုတ်ဘူး။ ဘာအသီးကောင်းမှလဲ ရမှာမဟုတ်ပါဘူး”လို့ နားလည်အောင် ရှင်းပြလိုက်တော့ ယောက္ခမကြီးက နားလည်သွားပါတယ်။ ကျန်တဲ့ အိမ်သားတွေကလဲ တရားကို နားလည်ပြီး လက်ခံလာပြီး အိမ်ထောင်စု တစ်ခုလုံးဟာ အေးငြိမ်းချမ်းသာ ဖြစ်လာကြပါတယ်။
ဒီဟာမျိုးတွေဟာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေစဉ်ကတည်းက ဖြစ်နေတာ နှစ်ပေါင်း (၂၅၀၀) ကျော်တုန်းကလည်း ဒီလိုပါပဲ။ အခုခေတ် အခုအခါလူတွေလည်း ဒီလိုပါပဲ။ ၀ိပဿနာတရားကို မှန်ကန်ကျနစွာ ကျင့်သုံးကြရင်တော့ အကျိုးထူးများ ခံစားကြရမှာဖြစ်ပါတယ်။ ဒီဘ၀မှာတင်ပဲ အကုသိုလ်စိတ်တွေ နည်းနည်းလာပြီး အစွဲအမျိုးမျိုးတွေက ကျွတ်လာကြပြီး အေးငြိမ်းချမ်းသာပျော်ရွှင်စွာ နေနိုင်ကြပါလိမ့်မယ်။
ဂုရုကြီးကိုယ်တိုင်လည်း တွေ့ရှိပြီးပါပြီ။ အရင်က ဒုက္ခတွေဝေဆာနေတဲ့ ယောဂီတွေ တရားထိုင်ပြီး အခုတော့ အေးချမ်းပြီး အိမ်ထောင်ရေးမှာရော အလုပ်ခွင်မှာရော သာယာပြီး အဆင်ပြေနေကြတာတွေကို အများကြီး တွေ့ရပြီးပါပြီ။ တရားဟာ လူတစ်ဦး နှစ်ဦးအတွက်ကိုသာမဟုတ် လူပေါင်းများစွာကို အကျိုးဖြစ်စေပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment