တခြားဟာတွေလည်း ရှိပါသေးတယ်။ ကိသာဂေါတမီကလည်း သူအင်မတန် အသက်လောက်ချစ်တဲ့ တစ်ဦးတည်းသော သားကလေးသေဆုံးရတော့ စိတ်မတည်မရပ်နိုင်အောင် ခံစားရပါတယ်။ သူ့ကို မြတ်စွာဘုရားက တရားနဲ့ပဲ ချွတ်ပေးတော်မူပါတယ်။ တန်ခိုးတော်အနန္တနဲ့ သေပြီးသူ သူ့ကလေးကို အသက်ပြန်ရှင်လာအောင် ဖန်ဆင်းပေးတော်မမူပါဘူး။
တရားဓမ္မကိုသာ ပေးတော်မူပါတယ်။ တရားကိုရတော့ ကိသာဂေါတမီလည်း ဆင်းရဲက လွတ်ကင်းခဲ့ရပါတယ်။ ပဋာစာရီဆိုရင်လည်း လင်သေ၊ သားသေ၊ မိဘသေအထိ ဒုက္ခအမျိုးမျိုးရောက်ပြီး၊ စိတ်တွေပျက်ပြားပြီး ရူးသွားရှာပါတယ်။ မြတ်စွာဘုရားထံက တရားကိုရပြီး ကျင့်သုံးပြီး သူလဲပဲ ဆင်းရဲတွေက ကျော်လွန်ပြီး လွန်မြောက်ခဲ့ရပါတယ်။
သတ္တ၀ါတွေဟာ တစ်ဘ၀ပြီးတစ်ဘ၀၊ ဘ၀သံသရာကြီးထဲမှာ ကျင်လည်ခဲ့ကြတာဟာ ဘ၀တွေ မရေမတွက်နိုင်ကြတော့ပါဘူး။ တစ်ဘ၀ကတစ်ဘ၀မှာ ကိုယ်ချစ်တဲ့သူ သေဆုံးသွားတဲ့သူတွေအတွက် ငိုကြွေးခဲ့ကြရတာ၊ မျက်ရည်ကျခဲ့ကြရတာဟာ ပင်လယ်ကြီးတွေလောက်တောင်မက များခဲ့ကြရပါပြီ။ ကိုယ်ချစ်တဲ့သူတွေ သေဆုံးသွားတဲ့ သူတွေရဲ့ အရိုးတွေကိုစုပြီး ပုံလိုက်မယ်ဆိုရင်လည်း ဟိမ၀န္တာတောင်ကြီးလို ကြီးမားတဲ့ အရိုးပုံကြီး ရှိနေပါလိမ့်မယ်။ လူတွေဟာ ဘယ်လောက်ပူဆွေးခဲ့ကြရ၊ စိတ်ဆင်းရဲခံခဲ့ကြသလဲဆိုတာ ဒီဆင်းရဲက အဆုံးလဲမသတ်သေးပါဘူး။ နောက်လဲဆက်ပြီး ပူဆွေးငိုကြွေးနေကြရဦးမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက သူ့တန်ခိုးတော်နဲ့ သေသွားသူကို နိမ္မိတ ပုံပွားအနေဖြင့် ခေတ္တပြန်ရှင်စေနိုင်သော်လည်း ရုပ်နာမ်အသက်ကို ပြန်မပေးနိုင် ပါဘူး။ ခေတ္တပြန်ရှင်လာရင်လည်း ခဏစိတ်ချမ်းသာရာရပြီး တစ်နေ့မှာ သေရဦးမှာဆိုတော့ ငိုကြွေးရမည့်အဖြစ်ပေါ်လာပြီး ဒုက္ခနယ်ထဲ ပြန်ဆင်းရဦးမှာ ဖြစ်တဲ့အတွက် အသက်အစား တရားကိုပေးခဲ့တာ ဖြစ်ပါတယ်။
တရားကသာလျှင် ဒုက္ခဆင်းရဲကို လုံးဝအမြစ်ပြတ်ဖယ်ရှား ချေမူန်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တရားကျင့်သုံးကြဖို့ရာမှာလည်း လူတွေဟာ အိုးအိမ်ကိုစွန့်လွှတ်ပြီး ရဟန်း၊ သီလရှင်ဝတ်နဲ့မှသာ ကျင့်နိုင်တာမဟုတ်ပါဘူး။ ရဟန်း၊ သီလရှင် ၀တ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူ့ဒုက္ခတွေအတော်ကို ငြိမ်းနေပါပြီ။ လူမူကိစ္စတွေ ဆောင်ရွက်စရာတွေ မရှိတော့ ရနိုင်သမျှအချိန်ကို တရားအလုပ်နဲ့သာ အသုံးပြုနိုင်တာပေါ့။ တရားကို အချိန်ပြည့် ကျင့်နိုင်တာပေါ့။ ရဟန်း သီလရှင်တွေ မဟုတ်တော့လို့ တားမကျင့်နိုင်သေးဘူးလို့တော့ မအောက်မေ့ပါနဲ့။ ရဟန်းဖြစ်စေ၊ လူဝတ်ကြောင်ဖြစ်စေ ဒီတရားကို နည်းလမ်းတကျနဲ့ စွဲစွဲမြဲမြဲ ကျင့်သွားကြရင်တော့ ရည်မှန်းချက်ထားတဲ့ ပန်းတိုင်ကို ရောက်ကြရမှာပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment