ယောဂီတို့ဟာ ဘာဝနာမယဉာဏ်အဆင့်နဲ့ တကယ့်ပညာရှိတော့မှ မီးနဲ့လာရို့တဲ့ သူကို ရေနဲ့လောင်းပြီး မီးကိုသတ်လိုက်တာနဲ့ သူလဲအေးချမ်း၊ ကိုယ်လဲအေးချမ်း ဖြစ်နိုင်ပါတယ်။ ပြောတာကတော့ လွယ်ပါတယ်၊ ကျင့်တာကတော့ သိပ်မလွယ်လှပါဘူး။ လူတွေဟာ ဒီတရားကို သုတမယ၊ စိန္တမယအသိဉာဏ်နဲ့တော့ သိနေကြတာပါပဲ။ တကယ်အရေးကြုံလာတဲ့ အခါကျတော့ ခါတိုင်းလိုပဲ တုံ့ပြန်မူလုပ်လေ့ရှိတဲ့အတိုင်းပဲ ဆင်ကန်းတောတိုး တုံ့ပြန်ကြတာပါပဲ။
ယောဂီတို့ဟာ ကြမ်းတမ်းဝေဒနာတွေ၊ မခံသာ၊ မသာယာတဲ့ ဝေဒနာတွေကို၊ ဒုက္ခဝေဒနာတွေကို ခံစားရပြီဆိုရင် မလိုချင်မုန်းထားမူနဲ့ တုံ့ပြန်ကြပါတယ်။ ဒါဟာ မီးထဲ ဓာတ်ဆီ လောင်းချသလိုပါပဲ။ ဦးနှောက်အသိဉာဏ်နဲ့တော့ တရားဟောတာတွေကို နားထောင်ပြီး စာအုပ်တွေဖတ်ပြီး နားလည်မူရှိပေမယ့်လို့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး အပိုင်းကို ပြုပြင်မူမရှိရင်တော့ ဒုက္ခနယ်ထဲက မလွတ်ကင်းနိုင်သေးပါဘူး။
မီးလောင်ရင် ရေပိုက်ကိုဖွင့်ပြီး မီးငြိမ်းအောင် ရေလောင်းရမယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် တကယ်တမ်းမီးလောင်တဲ့အခါကျတော့ ရေပိုက်ကို လုံးဝမေ့နေပြီး ဓာတ်ဆီပိုက်ကို ဖွင့်ပြီး ဓာတ်ဆီတွေ လောင်းကြပါတယ်။ လုပ်ပြီးတော့မှ လက်လွန်ပြီးတော့မှ နောင်တတွေရကြပါတယ်။ ဒါဟာဖြင့် ငါမလုပ်သင့်ပါဘူး။ ငါလုပ်လိုက်တာ မှားသွားပြီ။ ဒီတော့မှ ဟိုဘုရားရှိခိုး၊ ဒီဘုရားပူဇော်ပြီး တောင်းပန်နေတာဟာ ဘာမှ အကျိုးမရှိနိုင်ပါဘူး။ စိတ်ရဲ့ ပင်ကိုယ် သဘာဝက ပြောင်းလဲမူမှ မရှိဘဲကိုး။
နောက်တစ်ခါ မီးထပ်ပြီး လောင်ပြန်ရင်လဲ ရေပိုက်မဖွင့်ဘဲ ဒီတစ်ခါ ဓာတ်ဆီပဲ ထပ်လောင်းဦးမှာပါဘဲ။ ဦးနှောက်အသိဉာဏ်နဲ့ နားလည်မူဟာ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းအထိ မရောက်နိုင်ပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment