ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 12 May 2012

လူ ၄-မျိုး

မြတ်စွာဘုရားက “ဒီကမ္ဘာလောကကြီးမှာ လူတွေဟာ အမျိုးအစား လေးမျိုးလေးစားရှိတယ်”လို့ ဟောကြားတော်မူခဲ့ပါတယ်။ ပထမအမျိုးအစားကတော့ အမှောင်ထဲကနေ အမှောင်ထဲကို ပြေးနေကြတာ ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ အလင်းထဲက အမှောင်ထဲကို ပြေးနေကြပါတယ်။ တတိယအမျိုးအစားကတော့ အမှောင်ထဲကနေ အလင်းထဲကို ပြေးနေကြပါတယ်။ စတုတ္ထအမျိုးအစားကတော့ အလင်းထဲကနေ အလင်းထဲကို ပြေးနေကြပါတယ်။

ပထမအမျိုးအစားထဲက လူတွေဟာ အမှောင်ထဲကနေ အမှောင်ထဲကို ပြေးနေကြပါတယ်ဆိုတာကတော့ အခုသူတို့ဘ၀မှာ ဒုက္ခအမျိုးမျိုးတွေကို ခံစားနေရပါတယ်။ ကိုယ်ရော စိတ်ပါ ဒုက္ခရောက်နေကြပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမူရေးတွေဟာလဲ ဘာမှ အဆင်မပြေကြပါဘူး။ သူတို့ဘ၀ဟာ မှောင်အတိကျနေကြတာပါပဲ။ သူတို့ရဲ့အတွင်း စိတ်မှာလည်း အလိမ္မာတရား မရှိကြပါဘူး။ အကုသိုလ်စိတ်တွေပဲ ပွားနေကြပါတယ်။ သူတို့ဘ၀ မချမ်းသာတာတွေကို ငါ့ယောက်ျားက မကောင်းလို့၊ ငါ့မိန်းမက မကောင်းလို့ အပြစ်တင်ပြီး နေကြပါတယ်။ စိတ်ထဲမှာတော့ မုန်းတာတွေ၊ မနာလိုတာတွေ၊ လိုချင်တဲ့လောဘတွေ ပျိုးနေတာဆိုတော့ နောင်အနာဂတ်မှာလည်း အကုသိုလ်အသီးတွေ သီးကြပြီး ဆင်းရဲ ဒုက္ခတွေနဲ့ပဲ နေကြရပါလိမ့်ဦးမယ်။ အခုလဲ ဒုက္ခ၊ နောင်လဲ ဒုက္ခ၊ ဒီလိုပုဂ္ဂိုလ်များကို အမှောင်ထဲကနေပြီး အမှောင်ထဲကို ပြေးနေတယ်လို့ ခေါ်ရပါတယ်။

ဒုတိယအမျိုးအစားကတော့ အလင်းထဲကနေပြီး အမှောင်ထဲကို ပြေးနေတာဖြစ်ပါတယ်။ အလင်းထဲမှာဆိုတော့ ဒီပုဂ္ဂိုလ်ဟာ အခုဘ၀မှာ လောကစည်းစိမ်တွေ ခံစားနေရပါတယ်။ စီးပွားရေး၊ လူ့အဆင့်အတန်း၊ ဥစ္စာပစ္စည်းအားလုံး ပြည့်စုံပါတယ်။ သူ့ဘ၀လင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်အတွင်းကတော့ အမှောင်အတိပါပဲ။ အလိမ္မာ တရားမရှိပါဘူး။ လောဘ ဒေါသ မောဟ တရားတွေ အမြဲလွှမ်းမိုးနေပါတယ်။ အကုသိုလ်စိတ်က သိပ်များနေပါတယ်။ အကုသိုလ်မျိုးစေ့ဆိုတော့ အကုသိုလ်အသီး ဒုက္ခအသီးတွေ သီးမှာဖြစ်ပါတယ်။ နောင်ဘ၀ ဘ၀တွေမှာဆိုရင်တော့ ဒုက္ခကြီးတွေ သီးမှာ ဖြစ်ပါတယ်။ နောင်ဘ၀ ဘ၀တွေမှာဆိုရင်တော့ ဒုက္ခကြီးပဲ ဖြစ်နေမှာပါပဲ။ ရှေးရှေးဘ၀ ဘ၀တွေ အတိတ်ဘ၀ဘ၀က ကောင်းမူကုသိုလ်တွေကြောင့် အခုခံစားနေရပါတယ်။ ဒါတွေကုန်ခန်းသွားပြီဖြစ်တဲ့အခါကျတော့ မှောင်အတိဒုက္ခထဲ ရောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီပုဂ္ဂိုလ်ဟာ အလင်းထဲကနေ အမှောင်ထဲပြေးနေတာပါပဲ။

တတိယအမျိုးအစားကတော့ အမှောင်ထဲကနေပြီး အလင်းထဲပြေးနေတာ ဖြစ်ပါတယ်။ အခုဘ၀မှာ ဆင်းရဲအတိဖြစ်တဲ့ အမှောင်ထဲမှာနေရပေမယ့် အတွင်းစိတ်ထဲမှာတော့ တရားရှိပါတယ်။ ကုသိုလ်စိတ်တွေလဲ ရှိပါတယ်။ ကောင်းတဲ့ ကရုဏာစိတ်၊ မေတ္တာစိတ်၊ ဥပေက္ခာစိတ်တွေလဲ ရှိပါတယ်။ အခုဘ၀မှာ မှောင်နေပေမယ့်လို့ အလင်းမျိုးစေ့တွေကို စိုက်ပျိုးနေတော့ နောင်အနာဂတ်မှာ အလင်းရောင် အသီးတွေ သီးကြပြီး နောင်ဘ၀ နောင်ဘ၀တွေမှာ ချမ်းသာကြပါလိမ့်မယ်။ ဒီလိုပုဂ္ဂိုလ်တွေကတော့ အမှောင်ထဲကနေပြီး အလင်းထဲကို ပြေးနေကြတာ ဖြစ်ပါတယ်။

စတုတ္တအမျိုးအစားကတော့ အလင်းထဲကနေပြီး အလင်းထဲကို ပြေးနေတဲ့သူတွေ ဖြစ်ပါတယ်။ အခုဘ၀မှာ အားလုံးပဲ ချမ်းသာသုခရှိကြပြီး အဆင်ပြေကြပါတယ်။ အတွင်းစိတ်မှာလဲ အလိမ္မာရှိကြပါတယ်။ တရားရှိကြပါတယ်။ ကုသိုလ်စိတ်တွေလဲထားပြီး ကုသိုလ်တွေလဲပွားများပါတယ်။ သတ္တ၀ါတွေအပေါ်မှာ မေတ္တာကရုဏာတွေ ထားကြပါတယ်။ အလှူဒါလဲရက်ရောပါတယ်။ သီလလဲမြဲပါတယ်။ အကုသိုလ်စိတ် လုံးဝမထားပါဘူး။ အကုသိုလ်အလုပ်လဲ လုံးဝမလုပ်ပါဘူး။ အခုဘ၀မှာ ပျိုးနေတာကလည်း အလင်းရောင်မျိုးစေ့ဆိုတော့ နောင်ဘ၀ ဘ၀တွေမှာ သီးမှာကလဲ အလင်းရောင် အသီးပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ကတော့ အလင်းထဲကနေပြီး အလင်းထဲကို ပြေးနေကြသူများပဲ ဖြစ်ပါတယ်။

ယောဂီတို့ဟာ ဒီ ၄-မျိုးထဲမှာ ဘယ်အမျိုးအစားထဲမှာ ပါကြပါသလဲ။ အခုဘ၀မှာ ဖြစ်နေတာကိုတော့ ရွေးလို့မရပါဘူး။ အရင်အတိတ်တုန်းက လုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံအလျောက် အခုဖြစ်နေကြရပါတယ်။ အခုဘ၀ခရီးလမ်းကြောင်းမှာ တစ်ခေါက်တစ်လေလဲ အမှောင်ရှိပါတယ်။ တစ်ခါတစ်လေလဲ အလင်းရှိပါတယ်။ ဒါပေမယ့် နောင်အနာဂတ်ကိုတော့ ယောဂီတို့ စိတ်ကြိုက်ရွေးနိုင်ကြပါတယ်။ ဖန်တီးနိုင်ကြပါတယ်။ အခုဘယ်လောက်ပဲ မှောင်အတိကျနေပေမယ့်လို့ နောင်ကို လင်းအောင် လုပ်နိုင်ကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment