ဒီရန်သူ ၅-ဦးဟာ ဘယ်သူတွေပါလဲ။ ရန်သူ ၅-ဦးကို နီဝရဏ ၅-ပါးလို့လဲ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ နိဗ္ဗာန်ရောက်ကြောင်း တရားလမ်းကို လျှောက်သွားရာမှာ ပိတ်ဆို့တတ်တဲ့ နှောင်နှေးစေတတ်တဲ့ ကာကွယ်စေတတ်တဲ့ အကြောင်းတရား ၅-ပါးပါပဲ။ အရေးကြီးတဲ့ ပထမနဲ့ ဒုတိယရန်သူ အဖျက်တွေကတော့ ကာမစ္ဆန္ဒနဲ့ ဗျာပါဒ တွေဖြစ်ပါတယ်။
ကာမစ္ဆန္ဒက ကာမဂုဏ်နဲ့ ပတ်သက်တဲ့ လောဘစိတ်ဖြစ်ပါတယ်။ ဗျာပါဒကတော့ သူတစ်ပါးအပေါ် မကောင်းသောစိတ်၊ ဒေါသစိတ်နဲ့စပ်သော စိတ်ဖြစ်ပါတယ်။ တရားစခန်းကိုလာပြီး ၀ိပဿနာတရား အားထုတ်ကြတာဟာ ဒီရန်သူဘေးတွေက လွတ်မြောက်ဖို့ လောဘဒေါသတွေက လွတ်ကင်းကြဖို့ လာကြပါတယ်။ အမှန်မသိမူကြောင့် ကိုယ့်ကိုယ်ကိုတော့ ငါလေးလေးနက်နက် တရားအားထုတ်နေတာပဲ၊ ငါဟာဝိပဿနာ ကျင့်နေတာပဲလို့ ထင်နေပေမယ့် တစ်ချိန်လုံးမှာတော့ လိုချင်တော့တမူတွေ၊ မလိုချင်မုန်းထားမူတွေ ပွားများနေကြတော့ ရန်သူတွေက အနိုင်ယူသွားကြပါတယ်။
ဥပမာ - ဆိုကြပါစို့။ ဒီ ၁၀-ရက်တရားပတ်မှာ ပထမ ၉-ရက်မှာ လုံးဝစကားမပြောဘဲနဲ့ ၀စီပိတ် နူတ်ပိတ်ဆိတ်ဆိတ်နေကြပါလို့ ပြောထားပါတယ်။ ယောဂီတချို့က စကားမပြောဘဲ မနေနိုင်ကြပါဘူး။ စကားစပြောတာနဲ့ သူများအကြောင်းတယ် သိချင်ကြပါတယ်။ ဘယ့်နှယ်လဲ ထိုင်လို့ရရဲ့လား၊ ဘာဝေဒနာတွေများ ခံစားနေရပါသလဲလို့ မေးလိုက်တော့ အမေးခံရတဲ့ ယောဂီကသူတော့ တစ်ကိုယ်လုံးကျင်သွားသလို ခံလိုက်ရပါတယ်။ မဟုတ်ရင်လည်း သိမ်မွေ့ဝေဒနာတွေက ကောင်းလိုက်တာလို့ ပြန်ပြောလိုက်ပါတယ်။
နောက်စမေးတဲ့ယောဂီက တရားထိုင်တော့ သူများခံစားရတဲ့ ဝေဒနာမျိုး သူလည်းခံစားချင်လာပါတယ်။ လိုချင်တော့တလာပါတယ်။ ဒါကိုလိုချင် ဟိုဟာကိုလိုချင် လိုချင်တာတွေ များလာပါတယ်။ တရားထိုင်ရင် သိမ်မွေ့ဝေဒနာကို လိုချင်တာကလည်း တောင့်တမူပါပဲ။ လိုချင်တာတွေအားလုံးက အတူတူပါပဲ။ တဏှာ တောင့်တမူ မှန်သမျှဟာ ယောဂီအတွက် ရန်သူပါပဲ။ နိဗ္ဗာန်ကို လိုချင်ပါတယ်။ နိဗ္ဗာန်ကိုလိုချင်ပါတယ်လို့ တဏှာနဲ့ တောင့်တနေရင်တောင်မှ နိဗ္ဗာန်ရဲ့ ပြောင်းပြန် ခရီးကို ပြေးနေတာပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ လိုချင်တော့တမူ တဏှာအားလုံး ကုန်ခန်းသွားတဲ့စခန်းပဲ။ နိဗ္ဗာန်ကို တဏှာဖြင့် လိုချင်တောင့်တနေခြင်းအားဖြင့် မရနိုင်ပါဘူး။ မဖြစ်နိုင်တဲ့ကိစ္စပဲ ဒါကြောင့် ယောဂီတို့လိုချင်မူ တဏှာလောဘရဲ့ လွှမ်းမိုးခြင်းကိုလည်း မခံကြပါနဲ့။
ဗျာပါဒကလည်း ဒီအတိုင်းပါပဲ။ ယောဂီတို့ကို တစ်နာရီ အဓိဋ္ဌာန်နဲ့ တရားထိုင်ခိုင်းပါတယ် နာရီဝက်လောက်လည်း ကြိုးစားပြီး ထိုင်နိုင်ကြပါတယ်။ နောက် ၁၅-မိနစ်လောက်လည်း ကြိတ်မှိတ်ပြီး ထိုင်နိုင်ပါတယ်။ ကြာသွားတော့ မနေနိုင်တော့ပါဘူး။ အညှဉ်းဆဲခံနေရသလို ဖြစ်နေကြပါတယ်။ မခံမရပ်နိုင်လောက်အောင်ဖြစ်လာတော့ သူများတွေရော ဘယ်လိုများနေကြပါလိမ့်လို့ သိချင်တဲ့စိတ်က ဖြစ်လာပါတယ်။ အဓိဋ္ဌာန်နဲ့ ထိုင်ရတာဆိုတော့ နာရီမပြည့်သေးလို့ မျက်စိလည်းဖွင့်မကြည့်ရဘူးဆိုပေမယ့် မနေနိုင်တော့ပါဘူး။ မျက်စိကိုသာသာလေးခိုးဖွင့်ပြီး သူများတွေဘယ်လို နေကြပါလိမ့်မလဲလို့ ကြည့်လိုက်တော့ တခြားယောဂီတွေကတော့ လုံးဝမလုပ်ရှား ကျောက်ရုပ်တုကြီးတွေလို ထိုင်နေကြတာမြင်ရတော့ ဟင်သူတို့ကတော့ ထိုင်နေကြတာ ဘာမှနာပုံကျင်ပုံလည်းမပေါ်ဘူး။ သူတို့တော့ မနာကြတော့ဘူး။ ငါ့မှာတော့ နာနေတုန်းပဲ ရှိပါသေးတယ်။ ငါနာတာကလည်း ခုထက်ထိလည်း ပျောက်မသွားသေးပါဘူး။
ဂုရုကြီးကတော့ ပြောပြောနေတာပဲ။ အားလုံးက အနိစ္စ အနိစ္စတဲ့။ ၀ိပဿနာဟာ အနိစ္စတရားပါပဲ၊ “ငါနာတာတွေ၊ ကိုက်ခဲနေတာတွေက အနိစ္စမဟုတ်ပါလား၊ တည်မြဲနေပါလား၊ ပျောက်လဲပျောက်မသွားပါလား”လို့ ဗျာပါဒတွေက ကျော်လွန်အောင်ကျင့်တာ ခုတော့ ဗျာပါဒတွေ ပွားသလက်တောင် ပွားနေပြန်ပါပြီ၊ ဒါဟာ ရန်သူကြီးက ယောဂီကို အနိုင်ယူသွားတာပါပဲ။ ဒီလိုရန်သူကို ယောဂီတို့က လက်မခံကြပါနဲ့၊ အလွှမ်းမိုး မခံကြပါနဲ့။
နောက်ရန်သူ ၂-ဦးကတော့ ထိနမိဒ္ဓ = လေးလံထိုင်းမိုင်းခြင်း၊ အိပ်ချင်ခြင်း၊ ငိုက်မျဉ်းခြင်းနဲ့ ဒုဒ္ဓစ္စကုက္ကုစ္စ = စိတ်မငြိမ်သက်တာ လေလွင့်တာ နောင်တရပြီး ပူပင်စိုးရိမ်တာပါပဲ။ ဒီရန်သူတွေအားလုံးဟာ အတွင်းရန်သူတွေပါပဲ။ အပြင်က ဘာမှမပါပါဘူး။ ဘ၀ဘ၀က စုပေါင်းသိုလှောင်ထားတဲ့ အကုသိုလ်ဟောင်းတွေ၊ ကိလေသာအညစ်အကြေးတွေဟာ ရန်သူတွေပေါ့။ လာတုန်းကတော့ ဧည့်သည်တွေလို ၀င်လာကြပြီး အထဲရောက်တော့ ပြန်မထွက်ချင်ကြတော့ဘဲနဲ့ အိမ်ကိုအပိုင်စီးကြပြီး အိမ်ပိုင်ရှင်တွေ ဖြစ်လာကြပါတယ်။ ယောဂီတို့က ၀ိပဿနာတရားကျင့်ကြတော့ အိမ်ထဲမှာ ဆက်လက်ပြီးနေလို့ မရကြတော့ပါဘူး။ အပြင်ထွက်ရမှာဆိုတော့ မထွက်ချင်ကြဘဲ ဆန္ဒပြပြီး အထဲကနေ ကန်လိုက်ကြပါတယ်။
ပထမကန်တဲ့နည်းကတော့ ယောဂီတို့ တရားထိုင်ကြပြီဆိုရင် အိပ်ငိုက်စပြုလာကြပါတယ်။ တရားထိုင်တာလဲ ရပ်လိုက်ရော အိပ်ငိုက်တာလဲ တစ်ခါတည်းပျောက်သွားပြီး မျက်လုံးပွင့်ကြတော့တာပါပဲ။ တရားတစ်ခါပြန်ထိုင်ရင် တစ်ခါပြန်ပြီး အိပ်ငိုက်ပါတယ်။ ဒါဟာ အထဲကရန်သူက ကန်နေတာပါပဲ။ ယောဂီတွေကောင်းကောင်း တရားမထိုင်နိုင်အောင် လုပ်နေကြတာပါ။ ဒီလိုအိပ်ငိုက်နေတာ၊ ထိုင်းမိုင်းနေတာ၊ သွေးလေးနေတာတွေကို အသက်ခပ်ပြင်းပြင်းရှူပြီး ထုတ်ပစ်လိုက်ကြပါ။ ဒီလိုနဲ့မှမရရင် မတ်တပ်ရပ်ပြီးတရားရူပါ။ အိပ်ချင်နေတုန်းပဲဆိုရင်တော့ အဓိဋ္ဌာန် ၁-နာရီမဟုတ်ရင်တော့ အပြင်ကို ခဏထွက်ပြီး နည်းနည်းသွက်သွက်ကလေး လမ်းလျှောက်ပေးပါ။ ၅-မိနစ်လောက်လျှောက်ပြီး ပြန်လာပြီးထိုင်ပါ။ တစ်ခါတလေလည်း မျက်နှာကို ရေအေးအေးနဲ့ ပက်ဖျန်းပေးလိုက်ပြီး မျက်နှာသစ်လိုက်ရင် အိပ်ငိုက်ပျောက်သွား တတ်ပါတယ်။
ဥဒ္ဓစ္စကုက္ကုစ္စ = စိတ်က မငြိမ်မသက်လေလွင့်နေတာ တောင်တွေးမြောက်တွေး တွေးနေတာ စိုးရိမ်သောကတွေဖြစ်နေတာတွေဟာ တရားထိုင်လို့ကို မရတော့ပါဘူး။ စိတ်အငြိမ်မနေနိုင်အောင် ကိုယ်အငြိမ်မနေနိုင်အောင် ဖြစ်နေတတ်ပါတယ်။ ဟိုဟာလေးလုပ်ရကောင်းနိုးနိုး၊ ဒီဟာလေးလုပ်ရကောင်းနိုးနိုးနဲ့ တစ်နေ့လုံး အချိန်တွေ ဖြုန်းတတ်ပါတယ်။ ညနေပိုင်း တရားဟောချိန်ကြတော့ ၅-ရက် ကုန်ဆုံးသွားပြီး၊ ၆-ရက် ကုန်သွားပြီ၊ တရားအားထုတ်ဖို့ရာ ၄-ရက်သာပဲ ကျန်တော့တယ်လို့ဆိုတော့မှ တနေ့လုံးအချိန်တွေဖြုန်းမိတာကို နှမြောပြီး နောင်တရမိတတ်ပါတယ်။ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ ဒါတွေဟာ အချည်းအနှီးပါပဲ။ ၀ိပဿနာမှာ စိတ်မကောင်းဖြစ်နေရတာ နောင်တရပြီး ငိုနေတာတွေဟာ ဘာမှ အကျုံးမ၀င်ပါဘူး။
အရာတစ်ခုခုဟာ မှားတာလုပ်မိပြီး နောင်တရလာရင် ငါတော့ဒီမှားခဲ့တဲ့အလုပ်ကို လုပ်မိခဲ့တယ် နောက်နောင်ကို ဒီလိုအမူကိစ္စမျိုးတွေ ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ စိတ်ကိုဆုံးဖြတ်ချက်ချ ကိုယ့်ကိုယ်ကို ယုံကြည်အားထားပြီးတော့ ကိုယ်အားကိုးတဲ့၊ ကိုယ်ယုံကြည်တဲ့ ကြည်ညိုတဲ့ လူကြီးတစ်ဦးထံသွားပြီး ၀န်ချတောင်းပန်လိုက်ပြီး နောင်ဒီလိုမလုပ်တော့ပါဘူးလို့ ကတိပြုလိုက်ပါ။
နောက်ဆုံး ပဉ္စမရန်သူကတော့ ၀ိစိကိစ္ဆာ = ယုံမှားခြင်းသံသယဖြစ်ခြင်း ဖြစ်ပါတယ်။ စိတ်ဟာနှစ်ခွဖြစ်နေတော့ သံသယဖြစ်နေပါတယ်။ သံသယဖြစ်ပုံတစ်ခုကတော့ ကမ္မဋ္ဌာန်းနည်းကို သံသယတွေဖြစ်လာပါတယ်။ “ဒီနည်းဟာ ငါအရင်ကကြားဖူးတာ ဖတ်ဖူးတာတွေနဲ့လဲ မတူဘူး။ သူ့နည်းကြီးက တစ်မျိုးပဲ။ ဟုတ်မှ ဟုတ်ပါရဲ့လား။ ဒီနည်းနဲ့ တကယ်အကျိုး ကျေးဇူးခံစားရပါ့မလား အစရှိတဲ့ စိတ်တွေဖြစ်လာပါတယ်။ နောက်သံသယကတော့ ဆရာအပေါ်မှာကို သံသယဖြစ်မိပါတယ်။ “ဒီဆရာကြီး ကြည့်ရတာတယ်လဲ မစွံပါဘူး။ ဘုန်းကြီးလည်း မဟုတ်ဘူး။ သူလို ငါလိုပဲ၊ မဟုတ်ရည်လည်း အမျိုးသမီး ကမ္မဋ္ဌာန်းဆရာမပဲ။ သူက ဘယ်လောက်များ နားလည်လို့တုန်း၊ ကြည့်ရတာတရားမှာလည်း ဗဟုသုတရှိပုံလည်း မပေါ်ပါဘူး။ တရားစစ်တဲ့အခါမှာ ဘယ့်နှယ်လဲလို့ မေးနေရသေးတယ်။ သူဆရာမဆိုရင် သူသိဖို့ကောင်းတာပေါ့”လို့ ဆရာ့အပေါ်မှာ သံသယဖြစ်မိပါတယ်။
ဒါမှမဟုတ်ရင်လည်း ယောဂီဟာ ကိုယ့်ကိုယ်ကို သံသယရှိတတ်ကြပါတယ်။ “ဒီကမ္မဋ္ဌာန်းနည်းကတော့ နည်းကောင်းပါပဲ။ လယ်တီဆရာတော်ဘုရားကြီးရဲ့မူပဲ။ ဒီပြသပေးနေတဲ့ ဆရာ၊ ဆရာမတွေကလည်း ကောင်းပါတယ်။ သူတို့က ကူညီပေးကြပြီး ဒီနည်းကို ကျင့်ကြံလို့ အကျိုးကျေးဇူးတွေ ရသွားတဲ့လူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ငါ့အတွက်ကတော့ မဟုတ်သေးပါဘူး။ ရှက်မနေကြပါနဲ့။ အားနာလည်းမနေကြပါနဲ့၊ ဆရာနဲ့လာပြီးဆွေးနွေးပါ။ မရှင်းလင်းတာတွေရှိရင် တစ်ခါတည်းစိတ်ထဲမှာ ရှင်းလင်းသွားအောင်မေးပါ။ ရှင်းလင်းပစ်လိုက်ကြပါ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment