၁။ သဒ္ဒါမိတ်ဆွေ
ယောဂီတို့မှာ ရန်သူငါးဦးရှိသလို မိတ်ဆွေငါးဦးလည်း ရှိပါတယ်။ မိတ်ဆွေငါးဦးနဲ့ အမြဲနေပြီး သူတို့ကို ခွန်အားတောင့်တင်းလာအောင် လုပ်ထားရင် ရန်သူတွေက ရန်မပြုနိုင်တော့ပါဘူး။ မိတ်ဆွေငါးဦးက ဘယ်သူတွေလဲ။ သူတို့ကို ခွန်အား ၅-ပါး၊ ဗလ-၅ပါး၊ ဣန္ဒြိယ-၅ပါးလို့လည်း ခေါ်ပါတယ်။

ပထမမိတ်ဆွေကတော့ သဒ္ဓါယုံကြည်ခြင်း၊ ကြည်ညိုခြင်း၊ စိတ်ချခြင်းတို့ ဖြစ်ပါတယ်။ အင်မတန်အရေးကြီးတဲ့ မိတ်ဆွေဖြစ်ပါတယ်။ ယုံကြည်မူ ကြည်ညိုမူမရှိဘဲနဲ့ ဘယ်သူကမှ ဓမ္မလမ်းစဉ်ကို မလျှောက်နိုင်ပါဘူး။ သဒ္ဓါရယ်၊ ပညာရယ်၊ လုပ်ကိုင် ဆောင်ရွက်မူရယ်၊ ဒီ ၃-မျိုးတွဲပါမှ ဓမ္မဟာ ပြည့်စုံနိုင်ပါတယ်။ သဒ္ဒါက ယောဂီတို့ရဲ့ ခြေထောက်နဲ့ တူပါတယ်။ ပညာကတော့ မျက်စိနဲ့ တူပါတယ်။
ပုဂ္ဂိုလ်တစ်ဦးက မျက်စိတော့ရှိပါတယ်။ မြင်လည်းမြင်ပါတယ်။ ခြေထောက်မရှိရင်တော့ ပညာစခန်းအကြောင်းကို အပြောပဲရှိနေပါလိမ့်မယ်။ လမ်းစဉ်တစ်ခုလုံးကိုလည်း အစက အဆုံးထိလည်း မြင်နိုင်ပါတယ်။ ခြေထောက်ကမရှိတော့ လမ်းစဉ်ပေါ်မှာ ခြေလှမ်းတစ်လှမ်းတောင် မလှမ်းနိုင်ပါဘူး။ သူ့ဘ၀ဟာ တစ်သက်လုံး လမ်းစဉ်အကြောင်း ပြောနေရုံသာ ရှိနေပါလိမ့်မယ်။ တကယ်တန်းကျတော့ ခြေတစ်လှမ်းတောင်မှ မလှမ်းနိုင်ပါဘူး။
ခြေထောက်တွေရှိနေပြီး မျက်စိမရှိတဲ့ ပုဂ္ဂိုလ်ကျပြန်တော့လဲ လမ်းပေါ်မှာ လျှောက်နိုင်ရုံသာ မကတော့ပါဘူး။ ပြေးတောင်ပြေးနိုင်ပါတယ်။ ဒါပေမယ့် မျက်စိကမရှိတော့ မမြင်နိုင်တော့ လမ်းပေါ်မှာ ရှိနေသလား။ လမ်းမှားလိုက်သွားပြီလားဆိုတာ မသိရပါဘူး။ မမြင်ရတော့လဲ လွဲချော်ပြီး ချောက်ထဲ၊ ကျင်းထဲ၊ မြောင်းထဲလဲကျနိုင်ပါတယ်။ မျက်မမြင်ဘ၀နဲ့ ခြေကျိုး ၂-ယောက်တွဲပြီး အလုပ်လုပ်သွားရင်တော့ လမ်းစဉ်ကို လျှောက်နိုင်ကြပါလိမ့်မယ်။
ပညာပါတဲ့သဒ္ဓါ
ဒါကြောင့် ပညာပါတဲ့ သဒ္ဓါဖြစ်ဖို့ရာလိုပါတယ်။ ယောဂီတို့ဟာ ဘုရားတစ်ဆူ၊ ပုဂ္ဂိုလ်တစ်ဦးကို အင်မတန် သဒ္ဓါပွားတယ်ဆိုပါတော့။ သိပ်ပြီးယုံကြည်တယ်၊ ကြည်ညိုတယ်ဆိုတာ ဒီပုဂ္ဂိုလ်ရဲ့ ထူးခြားတဲ့ မွန်မြတ်တဲ့ အရည်အချင်းကောင်းတွေကြောင့်ဆိုတဲ့ ပညာပါရပါလိမ့်မယ်။ ဒီလိုအတုယူပြီး ကြိုးစားမယ် ဆိုရင်တော့ ဒါဟာအမြင်မှန်ပါပဲ။ ပညာပါတဲ့ သဒ္ဓါပါပဲ။
သူတောင်းစား သဒ္ဓါ
ယုံကြည့်ပါတယ်၊ ကြည်ညိုပါတယ်ဆိုပြီး ဒီဟာလေးကို အလိုရှိပါတယ်။ ဒီလိုဖြစ်စေချင်ပါတယ်။ ဒီဆန္ဒကိုဖြည့်ပေးပါ။ ဒီကိစ္စကို အောင်မြင်အောင် ဆောင်ရွက်ပေးပါလို့ တောင်းခံနေရင်တော့ ဒီဟာ သူတောင်းစားသဒ္ဓါပါပဲ။ ဒီလိုယုံကြည်မူကြည်ညိုမူဟာ ပညာလုံးဝမပါပါဘူး။ မဟုတ်ရင်လဲ တစ်ဦးတစ်ယောက် နေမကောင်းဖြစ်နေလို့ နေကောင်းအောင် လုပ်ပေးပါ။ နေပြန်ကောင်းလာရင် ပူဇော်ပသပါ့မယ် ဆိုတာကလည်း တကယ့်ယုံကြည်မူရှိတာ မဟုတ်ပါဘူး။
ကူးသန်းရောင်းဝယ်ရေးသဒ္ဓါ
ဒီကိစ္စ အောင်မြင်အောင် လုပ်ပေးပါ။ အောင်မြင်မှ ဒါကို ပူဇော်ပသမယ်ဆိုတာ ကူးသန်းရောင်းဝယ်ရေး သဒ္ဓါပါပဲ။ ဒီဘက်လက်ကပေးပြီး ဟိုဘက်လက်က ယူတာပါပဲ။ ကိုယ်လိုချင်တာကို အရင်လုပ်ပေးပြီးမှ ကိုယ်ကပြန်ပေးမယ်ဆိုတာ ဘယ်လိုယုံကြည်ချက် ကြည်ညိုချက်ပါလဲ။ အလားတူပါပဲ။ သူဟာ ဗုဒ္ဓဘာသာပဲ၊ မြတ်စွာဘုရားကို အင်မတန် ကြည်ညိုသဒ္ဓါပွား ပါတယ်ဆိုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = “မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏”လို့ ဘုရားရှိခိုးပါရဲ့။ ဗုဒ္ဓကပြောခဲ့တဲ့ အကျင့်၊ ဟောထားခဲ့တဲ့ လမ်းစဉ်တွေကို မလုပ်ရင် မကျင့်ရင် ဗုဒ္ဓဘာသာဆိုတာ အမည်ခံပဲ ရှိပါတော့တယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment