နိဗ္ဗာန်ကို မျက်မှောက်ပြုသူကို ဆည်းကပ်
မြတ်စွာဘရားကို “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဆိုတာက ဂေါတမဗုဒ္ဓကို ဆိုလိုတာ မဟုတ်ဘူး။ ဗုဒ္ဓရဲ့ ဂုဏ်တော်၊ အကျင့်သိက္ခာ အရည်အချင်းတွေကို ဆိုလိုတာပါ။ ဆည်းကပ်ပါ၏။ ကိုးကွယ်ပါ၏။ ဆိုတာကလည်း မြတ်စွာဘုရား အလိုတော်ကျ ညွှန့်ကြားသမျှကို တတ်နိုင်သမျှ လိုက်နာကျင့်သုံးပါ့မယ်လို့ ဆိုတာပါ။

ဗုဒ္ဓဆိုတာမှာလဲ ဘုရားတစ်ပါးတည်း၊ ဂေါတမမြတ်စွာတစ်ပါးတည်းရဲ့ မူပိုင်မဟုတ်ပါဘူး။ ဘုရားရှင်အားလုံးရဲ့ မူပိုင်ဖြစ်ပါတယ်။ မြတ်စွာဘုရားက သူ့ကို ပုဂ္ဂိုလ်ကိုကြည်ညိုမူ “ပုဂ္ဂလ ပသာဒ“ကို မလိုလားပါဘူး။ အရေးကြီးတာက မြတ်စွာဘုရားရဲ့ ဓမ္မက္ခန္ဓာ ဖြစ်ပါတယ်။
လူရဲ့ အသားအရောင် အဖြူအမည်မရွေး ဘယ်တိုင်းပြည် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကိလေသာ အညစ်အကြေးတွေအားလုံး လုံးဝကင်းစင်သွားပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူကို ဆည်းကပ်ရမှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားက -
ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ၊ ပစ္စုပ္ပန္နာ
ယေ စ ဗုဒ္ဓါ အဟံဝန္ဒာမိ သဗ္ဗဒါ။
လို့ ဟောတော်မူပါတယ်။
ပွင့်ပြီးကုန်သော ဗုဒ္ဓတွေအားလုံး နောင်ပွင့်လတ္တံ့ကုန်သော ဗုဒ္ဓတွေအားလုံးတို့အား ကျွန်ုပ်သည် ရိုသေမြတ်နိုးစွာ ရှိခိုးပါ၏တဲ့ ဒီလိုဆိုတာ။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်သွားသူ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူတို့ကို မြတ်နိုးခြင်း ရှိခိုးခြင်းဖြစ်တော့ နိဗ္ဗာန်ရောက်ကြောင်း တရားအကျင့်မှာ ခိုလူံတာ ဖြစ်ပါတယ်။
တရားကို ကျင့်သုံးခြင်းဖြင့် ဘုရားကိုပူဇော်
လူတွေဟာ တရားအစစ်အမှန်ကို မကျင့်ကြဘဲနဲ့ မျိုးရိုးစဉ်လာထုံးတမ်းတွေကို ဘာသာရေးပွဲတွေကိုပဲ ကျင်းပနေကြပြီး ဒါတွေဟာ ဓမ္မလို့ ယူဆနေကြပါတယ်။ ဒီတော့ ဒီလို လုံးဝမဖြစ်ရအောင် ဗုဒ္ဓကို တစ်ကယ်ချစ်ခင်မြတ်နိုး ရှိခိုးတယ်ဆိုရင် “ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ” = ဗုဒ္ဓဟောကြားသော တရားတော်မြတ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မြတ်စွာဘုရားကို ပူဇော်ပါ၏”လို့ ဖြစ်ရမှာပေါ့။ ဓမ္မလမ်းစဉ်ကိုလျှောက်ခြင်းအားဖြင့် တရားကိုလိုက်နာ ကျင့်သုံးခြင်းအားဖြင့် မြတ်စွာဘုရားကို ရှိခိုးပါ၏။ တရားလမ်းစဉ်တစ်ခုလုံး အကြမ်းဆုံးကနေ အသိမ်မွေ့ဆုံးအဆင့်အထိ သီလကနေ သမာဓိ၊ သမာဓိနေ ပညာ၊ ပညာကနေ တိုးတိုးပြီး နိဗ္ဗာန်အထိကို လျှောက်ကြရမှာ၊ ကျင့်သုံးကြရမှာ ဆိုတာပါပဲ။
ဒါမှဗုဒ္ဓကို ရိုသေမြတ်နိုးရှိခိုးခြင်း ဆည်းကပ်ခြင်းဆိုတာ ဖြစ်ပါတယ်။ ဓမ္မလမ်းစဉ်ကိုတော့ ခြေလှမ်းတစ်လှမ်းတောင်မှ မလှမ်းဘဲ မြတ်စွာဘုရားကို ရှိခိုးပါ၏ ဆည်းကပ်ပါ၏လို့ ပြောနေတာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ မဂ္ဂင်ရှစ်ပါးကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဓမ္မလမ်းစဉ်ကိုလျှောက်ပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်အရည်အချင်းတွေကို ကြိုးစားပြီးတော့ ပွားများရမှာ ဖြစ်ပါတယ်။
ဂုဏ်တော် ၉-ပါး
မြတ်စွာဘုရားရဲ့ ဂုဏ်တော် ၉-ပါးဖြစ်တဲ့ “ဣတိပိသောဘဂ၀ါ အရဟံ၊ သမ္မာသဗ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသ ဓမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿနံ ဗုဒ္ဓေါ၊ ဘဂ၀ါ”ဆိုတဲ့ စကားထဲမှာမှ -
ဘဂ၀ါ = ကိလေသာအညစ်အကြေးတွေအားလုံးမှ လုံးဝကင်းစင်ပြီး ဘ၀မှလွတ်မြောက်ရေး ရပြီးသူဖြစ်ပါတယ်။ ဗုဒ္ဓကို ကြည်ညိုတယ်ဆိုရင် မိမိတို့ကလည်း မြတ်စွာဘုရားလိုပဲ ကိလေသာတွေစင်ကြယ်အောင် တတ်စွမ်းသရွေ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
အရဟံ = ရန်သူတွေကို သတ်ဖြတ်ပြီးသူ၊ သုတ်သင်ပြီးခဲ့သူလို့ ဆိုပါတယ်။ ဘယ်ရန်သူတွေလဲဆိုတော့ မိမိရဲ့အတွင်းအဇ္ဈတ္တမှာရှိတဲ့ အညစ်အကြေးတွေဟာ ရန်သူတွေပေါ့။ ကိလေသာတွေအားလုံးကို သတ်ဖြတ်ပြီး နှိမ်နှင်းခဲ့တဲ့သူ၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီးခဲ့တဲ့သူ ရဟန္တာပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
သမ္မာသဗ္ဗုဒ္ဓေါ = ခပ်သိမ်းကုန်သော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား၊ မိမိပင်ကိုယ်ဉာဏ် ကိုယ်ပိုင်အသိနဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့သူ ဖြစ်ပါတယ်။ မိမိတို့ကလည်း မိမိတို့ခွန်အား မိမိတို့ လုံ့လ၀ီရိယ မိမိတို့ရဲ့ ဘာဝနာမယဉာဏ်နဲ့ လွတ်မြောက်မူ ပန်းတိုင်ကို ရောက်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။
ဝိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာ ၃-ပါး၊ ၀ိဇ္ဇာ ၈-ပါး၊ စရဏအကျင့် ၁၅-ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ကျမ်းဂန်ကို သိနားလည်ခြင်းမျှသာ မဟုတ်ဘဲ အကျင့်တရားကိုပါ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ ကျမ်းဂန်တွေကို တတ်နေရုံနဲ့ တရားကို မမြင်နိုင်ပါဘူး။ အထွတ်အထိပ်ကို မရောက်နိုင်ပါဘူး။ ဘုရားအဖြစ်သို့ မရောက်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် တရားကျင့်ပါမှ နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။
ယထာဝါဒီ တထာကာရီ၊ ယထာကာရီ တထာဝါဒီ၊ ပြောသလိုလုပ်တယ်၊ လုပ်သလိုပြောတယ်။ အပြောနဲ့အလုပ်နဲ့ တူညီတယ်။ ပြောဆိုသမျှတို့ကို ကျင့်သုံးတယ်၊ ကျင့်သုံးသမျှတွေကို ပြောဟောပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုး ဘယ်အခါမှ မရှိပါဘူး။ အပြောနဲ့အလုပ်မှာ ကွာခြားမူ မရှိပါဘူး။ ယောဂီတို့ဟာလည်း ဘုရားကိုကြည်ညိုတယ်ဆိုရင် ဘုရားပြောဆိုဆုံးမခဲ့တာတွေ ညွှန်ကြားခဲ့တာတွေကို တတ်နိုင်သမျှ လိုက်နာကျင့်သုံးမှ ကြည်ညိုရာရောက်မှာပေါ့။
မိမိတို့က ပြောတာနဲ့လုပ်တာ အင်မတန် ကွာခြားနေတယ်ဆိုရင်တော့ ဘုရားကို ကြည်ညိုပါတယ်လို့ဆိုတာဟာ အပြောသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ တကယ်ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင်အစစ်တစ်ဦး မဟုတ်ပါဘူး။ မျက်ကန်းကြည်ညိုမူသာ ဖြစ်ပါလိမ့်မယ်။
သုဂတော = လှမ်းသောခြေလှမ်းတိုင်းဟာ ကောင်းသောခြေလှမ်း မှန်ကန်သော ခြေလှမ်းဖြစ်ပြီး မိမိအတွက်လည်း အကျိုးရှိတယ်။ သူများတွေအတွက်လည်း အကျိုးရှိပါတယ်။ ဒီလိုအကျင့်မျိုးဟာ ဘယ်သူ့ကိုမှ ဘေးအန္တရာယ် မဖြစ်စေပါဘူး။
လောက၀ိဒူ = ခန္ဓာကိုယ်ဘောင်အတွင်းမှာ ဝေဒနာတွေအထဲမှာ လောကတစ်ခုလုံး စကြာဝဠာတစ်ခုလုံးရဲ့ အမှန်တရား သစ္စာတရားကို ခံစားသိရှိနိုင်တဲ့သူ ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်မှာလည်း ဘာဝနာမယဉာဏ်နဲ့ တွေ့ရှိခံစားပြီးသူ မဟုတ်ရင်တော့ စာတွေ့၊ အကြားအမြင်တွေ့မူများသာ ဖြစ်ပါလိမ့်မယ်။ တရားကို စပြီးကျင့်သုံးရင်တော့ မိမိတို့ဟာလည်း တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ ကိလေသာတွေလုံးဝ ကင်းစင်လာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment