ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 9 May 2012

ဓမ္မံ သရဏံ ဂစ္ဆာမိ ရှင်းချက်

ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုရာမှာလည်း ဒီနည်းအတိုင်းပါပဲ၊ ဓမ္မဟာ အမှန်တရားပဲ၊ အားလုံးအတွက် အမှန်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ လူတစ်မျိုး လူမျိုးစုတစ်ခုအတွက် မဟုတ်ပါဘူး။ လောကသဘာဝတရားတွေကို ကိုယ်တိုင်ကျင့်ပြီး ကိုယ်တိုင်သိပြီးတော့ ဘ၀ဆင်းရဲအမျိုးမျိုးတွေက လွတ်မြောက်စေတဲ့နည်းကို ညွှန်ကြားပြသတဲ့ တရားဖြစ်ပါတယ်။

ဗုဒ္ဓရဲ့ တရားတော်ဟာ လူတစ်စု လူတစ်မျိုးရဲ့ ကောင်းစားရေး အတွက်တင်မဟုတ်ပါဘူး။ ညွှန်ကြားပြသတဲ့အတိုင်း လိုက်နာမယ်၊ ကျင့်သုံးမယ်ဆိုရင် ကမ္ဘာသူ ကမ္ဘာသားတွေ၊ သတ္တ၀ါတွေအားလုံး ချမ်းသာစေနိုင်တဲ့ အကျင့်တရားတွေပါပဲ၊ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်မြတ်ကို ခိုလူံဆည်းကပ်ပါ၏ဆိုရာမှာ သီလကို ခိုလူံဖို့ဖြစ်ပါတယ်။ သမာဓိကို ခိုလူံဖို့ဖြစ်ပါတယ်။ ပညာကို ခိုလူံဖို့ဖြစ်ပါတယ်။

တရားဂုဏ်တော် ၆-ပါး
တရားအစစ်အမှန်ဆိုရင် ဘယ်လိုဂုဏ်အင်္ဂါမျိုးတွေနဲ့ ပြည့်စုံရပါ့မလဲဆိုတော့ -
“သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီတိ”

သွာက္ခာတော = “ကောင်းစွာဟောတော်မူအပ်သော”ဆိုတာ တရားဟာ စကားလုံး ရိုးရိုးနဲ့ ရှင်းရှင်းလင်းလင်းရှိပြီး သာမာန်လူတွေ ကျင့်သုံးနိုင်ရအောင် နားလည်နိုင်အောင် ဖြစ်စေရပါတယ်။ စကားလုံးကြီးကြီးတွေနဲ့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေမှ နားလည်နိုင်တာမျိုး မဖြစ်စေရပါဘူး။

သိန္ဒိဋ္ဌိကော = မျက်မှောက်၌ အကျိုးပေးတတ်၏။

အကာလိကော = အခါမလင့် အကျိုးပေးတတ်ပါ၏။ ကောင်းတဲ့မှန်တဲ့တရားဆိုရင် နောင်အခါကျမှ အကျိုးပေးတတ်တာမျိုး မဟုတ်ပါဘူး။ လက်တွေ့ကျင့်ရင် ဒီဘ၀မှာပဲ လက်ငင်းအကျိုးထူး ခံစားရပါလိမ့်မယ်။ ချမ်းသာရပါလိမ့်မယ်။ နောင်ဘ၀တွေမှာလည်း အကျိုးပေးဦးမှာပဲ ဖြစ်ပါတယ်။

ဓမ္မက သီလကို လုံးခြုံပါ၊ သမာဓိ ထူထောင်ပါ။ ပညာနဲ့ ဝေဖန်ပိုင်းခြားပါလို့ဆိုလိုတာပါပဲ။ ဒါဟာလူတိုင်းကို အကျိုးပြုစေတဲ့ လမ်းစဉ်နည်းဖြစ်ပါတယ်။ အခုကျင့်တာက နောင်ဘ၀ကျတော့ ခံစားရပါလိမ့်မယ်ဆိုတာနဲ့ မလုံလောက်သေးပါဘူး။ ဒီဓမ္မကတော့ အခုကျင့်ပါ၊ အခုပဲ အကျိုးထူး ခံစားရပါလိမ့်မယ်လို့ အာမခံပါတယ်။ ဒိဋ္ဌအကျိုးခံစားရမှာပါ။ သေပြီးမှ အကျိုးခံစားရတာကို မျှော်လင့်နေရတဲ့ လမ်းစဉ်မဟုတ်ပါဘူး။ အခုလုပ် အခုရပါတယ်။ သေပြီးနောက်မှာလည်း အကျိုးပေးဦးမှာ၊ ခံစားရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုဘ၀မှာလည်း အကျိုးမရှိရင် ဘယ့်နှယ့်ဖြစ်နိုင်ပါ့မလဲ။ လူတစ်ဦးရဲ့ တစ်သက်တာမှာဆိုရင် ဆင်းရဲတွေ အမိုက်အမှောင်တွေက အင်မတန်များတာပါပဲ။ ဒီအမိုက်အမှောင်ထုကြီးထဲမှာပဲ ဘာမှလဲ ပြောင်းလဲမူ မရှိဘူး။ အလင်းရောင်ကလေးမှ မသန်းဘူးဆိုရင်တော့ ဘယ့်နှယ်ဖြစ်နိုင်ပါ့မလဲ။ နည်းနည်းလေးပဲဖြစ်ဖြစ် အလင်းရောင်လေးထွန်းတောက်လာရင် ပြောင်းလဲမူကလေးရှိလာရင် ဟုတ်ပါပြီ၊ ကျင့်နေတဲ့ တရားဟာ တရားအစစ် တရားအမှန်ပါပဲ။

ဧဟိပဿိကော = လာလှဲ့ ရူလှဲ့ပါ လာပြီး စမ်းသပ်ကြည့်စမ်းပါလို့ ခေါ်နေပါတယ်။ ပုဂ္ဂိုလ်တစ်ဦဟာ တရားရဲ့ အရသာကို သိသွားပြီဆိုရင် မနေနိုင်တော့ပါဘူး။ သူများတွေကိုလည်း ဒီတရားရဲ့ အရသာကို ခံစားစေချင်လာပါတယ်။ မိမိရဲ့ ကိုယ်ချမ်းသာသလို စိတ်ချမ်းသာသလို သူများတွေကိုလည်း ချမ်းသာမူတွေရစေချင်၊ ခံစားစေချင်ပါတယ်။ ဒါကြောင့် လာကြစမ်းပါ၊ စမ်းကြည့်ကြစမ်းပါလို့ ခေါ်နေတာဟာ ဒါဟာ ဓမ္မပါပဲ။ မိမိခံစားရတဲ့ တရားဓမ္မရဲ့ အရသာတွေကို သူများတွေကိုလည်း ရစေချင်ကြပါတယ်။ သူများတွေကိုလည်း တရားထိုင်ကြဖို့ ဆော်သြကြပါတယ်။

စာအရေးအသားကောင်းသူတွေ ဖြစ်ရင်လဲ စာစောင်တွေ စာအုပ်တွေမှာ ရေးသားကြပါတယ်။ အပြောအဟောကောင်းတဲ့သူဆိုရင်လည်း ပြောချင်ဟောချင် ဖြစ်လာပါတယ်။ လူတွေများသထက်များများ ဆင်းရဲတဲ့ဘ၀တွေက လွတ်မြောက်ကြပါစေ။ တရားရကြပါစေဆိုတဲ့ စိတ်ကောင်းစေတနာတွေ ပွားများလာတတ်ကြပါတယ်။ ပိုက်ဆံရှိသူတွေကလည်း နောက်ထပ် တရားပတ်တွေဖြစ်နိုင်အောင် အများကောင်းကျိုးအတွက် ထောက်ပံ့လှူဒါန်းကြပါတယ်။

တချို့ကျတော့လဲ စေတနာဝန်ထမ်း ဓမ္မလုပ်သားတွေ အဖြစ်နဲ့ ဆောင်ရွက်ကြပါတယ်။ လုပ်အားပေးကြပါတယ်။ ငွေအားပဲဖြစ်ဖြစ်၊ လူအားပဲဖြစ်ဖြစ် အရင်းခံကတော့ အများကို ဆင်းရဲက လွတ်မြောက်အောင် ကူညီမစချင်တဲ့ စေတနာသာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီလိုကူညီကြတာကလဲ ဘာအကျိုးကိုမှ မျှော်ကိုးလို့ မဟုတ်ပါဘူး။ ဘာလိုလားချက်မှလည်း မရှိပါဘူး။ ချမ်းသာကြပါစေ၊ နေရေးထိုင်ရေး အဆင်ပြေကြပါစေ၊ တရားအားထုတ်ရာမှာ အောင်မြင်ကြပါစေ ဆိုတဲ့ စေတနာသက်သက်ပါပဲ။

မျက်နှာရဖို့ လက်ဆောင်ရဖို့ ငွေကြေးရဖို့မပါပါဘူး။ ရိုးရိုးတန်းတန်းလုပ်အားပေး၊ အလှူပေးခြင်းပဲ ဖြစ်ပါတယ်။ စိတ်က နည်းနည်းလေးပဲဖြစ်ဖြစ် သန့်ရှင်းမွန်မြတ်လာတော့ အများအကျိုးဆောင်ရွက်ချင်တဲ့ စိတ်က ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အခွင့်အရေးရသလို ရသလောက် ကူညီမစမယ်၊ ဆောင်ရွက်မယ်၊ ကိုယ်တတ်နိုင်တဲ့ဘက်က ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်အားပေးမယ်ဆိုတဲ့ ကုသိုလ်စိတ်တွေ မိမိရဲ့သန္တာန်မှာ တိုးပွားများပြာလာတာ ဖြစ်ပါတယ်။ ဒီလိုနည်းတွေနဲ့ ပါရမီတွေဖြည့်ကြပြီး တရားကလည်း တက်လာပါတယ်။ အားကောင်းလာပါတယ်။

သြပနေယျိကော = နိဗ္ဗာန်သို့ ဆောင်ခြင်းငှာထိုက်၏။ တစ်ဆင့်တစ်ဆင့်နဲ့ လမ်းဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်သို့ ပို့ဆောင်နိုင်တဲ့ တရားဖြစ်ပါတယ်။ အင်မတန်မှ ဖြောင့်တန်းနေတဲ့ မဟာလမ်းမကြီးဖြစ်ပြီး ဘယ်နေရာမှာ အကောက်အကွေ့ လမ်းသွယ် လမ်းမြှောင် ချောက်ကမ်းပါးတွေ မရှိပါဘူး။ အင်မတန် ပြေပြစ်ချောမောပါတယ်။ အလှမ်းတိုင်း အလှမ်းတိုင်း အဆင့်တိုင်း အဆင့်တိုင်းဟာလည်း အကျိုးကျေးဇူးတွေကို ခံစားနိုင်ပါတယ်။

အာဒိကလျာဏံ မဇ္စျေကလျာဏံ ပရိယောသောနကလျာ ဏံ ဓမ္မံ ဒေသေတိ= အစ၏ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်းတို့နှင့် ပြည့်စုံတဲ့ တရားတော်ကို ဟောတော်မူပါတယ်။ သီလကိုပဲ စောင့်ပြီးကျင့်သုံးရင် သီလရဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ်။ သမာဓိကိုပါ ကျင့်သုံးရင်လည်း သမာဓိရဲ့ အကျိုးကျေးဇူးကိုပါ ခံစားရပါတယ်။ ပညာစခန်းကို တိုးပြီးကျင့်သုံးရင်လည်း ဒီထက်ပိုကဲတဲ့၊ ထူးကဲတဲ့ ကျေးဇူးတွေကို ခံစားရပါတယ်။ အတိုင်းမသိတဲ့ နိဗ္ဗာန်ကျေးဇူးရောက်အောင် ခံစားနိုင်ကြပါတယ်။ အဆင့်တိုင်း အဆင့်တိုင်းမှာ အကျိုးကျေးဇူးတွေကို ခံစားရတာဟာ ဓမ္မအစစ်အမှန်ပါပဲ။

ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီတိ၊ ပစ္စတ္တံ = အသီးသီး မိမိတို့ မိမိတို့ တစ်ဦးစီ တစ်ဦးစီလို့ ဆိုထားပါတယ်။ အင်မတန်အရေးကြီးတဲ့ စကားလုံးပါပဲ။ အသီးသီးဆိုတာဟာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အမျိုးအနွယ်ထဲကပဲဖြစ်ဖြစ်၊ ဘယ်တိုင်းပြည်ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ခြားနားမူမရှိပါဘူး။ သာမာန် လူသားရိုးရိုးပါပဲ။ တရားကိုနားလည်ပြီး ဓမ္မလမ်းစဉ်ကိုလျှောက်ပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မှာ အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်က သူ့ကိုယ်သူ ခရစ်ယာန်လို့ပဲခေါ်ခေါ်၊ ဂျူးလို့ပဲခေါ်ခေါ်၊ ဟိန္ဒူလို့ပဲခေါ်ခေါ်၊ ဓမ္မလမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကိုကျင့်ရင် အကျိုးကျေးဇူးကို ထပ်တူထပ်မျှ ခံစားရမှာပါပဲ။ ဒါကို ဒီလိုလူမျိုးမှ၊ ဒီဘာသာဝင်မှ အကျိုးခံစားရမယ်။ အကျိုးခံစားခွင့်ရှိတယ်ဆိုရင်တော့ ဒီတရားဟာ တရားအစစ်အမှန် မဟုတ်သေးပါဘူး။ တစ်ကမ္ဘာလုံးစကြာဝဠာတစ်ခုလုံး ကျင့်သုံးနိုင်တဲ့တရားဖြစ်ဖို့ရာ လိုပါတယ်။ ဒါတွေကို ကောင်းကောင်း နားလည်ပြီးတော့ ဒီလမ်းစဉ်ကို လျှောက်၊ ဒီတရားတွေကို ကျင့်သုံးရင်တော့ ဓမ္မံ သရဏံ ဂစ္စာမိ = တရားတော်မြတ်ကို ခိုလူံပါ၏ ဆိုတာဟာ အဓိပ္ပာယ်ရှိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment