ယောဂီတို့ဟာလည်း လူပဲ၊ လူနေသလို နေရမှာပေါ့။ လုပ်ရမယ့်နေရာကျတော့လဲ ရဲရဲတင်းတင်း ကြံ့ကြံ့ခိုင်ခိုင်လုပ်သင့်ရင်လဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ ရဲရဲတင်းတင်း ကြံ့ကြံ့ခိုင်ခိုင်လုပ်တယ်ဆိုတာဟာ ဒေါသစိတ်၊ နာကျည်းတဲ့စိတ်၊ အကုသိုလ်စိတ်တွေ တစ်စိုးတစ်စိမှ မပါစေရပါဘူး။
ဒီလိုအခါမျိုးမှာဆိုရင် ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး စစ်ေ်ဆးကြည့်ပါ။ ငါ့စိတ်ဟာ အခုအချိန်မှာ ဒီပုဂ္ဂိုလ်အပေါ်မှာ ဘယ်လိုစိတ်ထားမျိုး ရှိနေပါသလဲ။ ဒီလိုရူပြီးတဲ့အခါ ဒီပုဂ္ဂိုလ်အပေါ်မှာ ဘယ်လိုမှ မုန်းထားတဲ့စိတ်၊ ရန်ငြိုးထားတဲ့စိတ်၊ ကလဲ့စားချေချင်တဲ့စိတ်၊ နာကျည်းတဲ့စိတ် အစရှိတဲ့ အကုသိုလ်စိတ်ဆိုလို့ လုံးဝမြူမူန်မျှ မရှိပါဘူး။ ကင်းရှင်းပါတယ်။ ဒီပုဂ္ဂိုလ်အပေါ်မှာ မေတ္တာစိတ်၊ ကရုဏာစိတ် စေတနာကောင်းသက်သက်ပဲ ရှိပါတယ်။ ငါ့စိတ်ဟာ အခုဥပေက္ခာလဲ ဖြစ်နေပါတယ်လို့ဆိုနိုင်ရင်တော့ “ဒီပုဂ္ဂိုလ်က ကောင်းကောင်းမွန်မွန် ဖျောင်းဖျောင်းဖျဖျပြောတာကို နားမလည်ဘူး၊ နားမထောင်ဘူး”ဆိုရင် သူနားလည်တဲ့ စကားမျိုး ကြမ်းကြမ်းတမ်းတမ်း ပြောမှဖြစ်မယ်။ မဟုတ်ရင်လဲ စကားနဲ့မရရင် လက်နဲ့ဆုံးမရလိမ့်မယ်။ ငါ့စိတ်ကတော့ ဒီပုဂ္ဂိုလ်အပေါ်မှာ မေတ္တာဂရုဏာတွေ ရာခိုင်နူန်းအပြည့်နဲ့ပါပဲလို့ဆိုနိုင်ရင် အဲဒီနည်းနဲ့တော့ ပြောဆိုလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ မီးနဲ့သွားဆော့မယ့် ကလေး၊ မြွေကိုဖမ်းကိုင်မယ့်ကလေးကို တားသလိုပါပဲ။
အားကောင်းတဲ့လူတစ်ဦးက အားနည်းတဲ့လူတစ်ဦးကို ရိုက်ပုတ်ညှင်းဆဲနေတာမြင်ရရင် သာမန်အားဖြင့်ဆိုရင်တော့ ရိုက်နေတဲ့လူအပေါ်မှာ မုန်းတီးစိတ်ပွားပြီး အရိုက်ခံရတဲ့သူအပေါ်မှာ သနားကရုဏာစိတ် ဖြစ်တတ်ကြပါတယ်။
ဒါပေမယ့် ၀ိပဿနာမှာ တော်တော်ကလေး ရင့်ကျက်လာပြီဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ရိုက်သူကိုရော၊ အရိုက်ခံရသူကိုပါ နှစ်ဦးစလုံးကို သနားစိတ်ဖြစ်မိပါလိမ့်မယ်။ ရိုက်တဲ့သူကို သနားတာကတော့ ဒီလူဟာ အမြင်မှန်မရသေးတဲ့လူပဲ။ အမှန်မသိမူကြောင့် ဒီလိုအပြုအမူတွေကို ပြုလုပ်နေတာပဲ။ ဒီလို သူလုပ်နေခြင်းအားဖြင့် သူများတွေကို သူက ဒုက္ခပေးနေရုံတင် မဟုတ်ပါဘူး။ သူ့ကိုယ်သူလဲ အန္တရာယ်ဖြစ်စေနေတာပဲ”လို့ အောက်မေ့ပြီး ဒီလူအပေါ်မှာ မုန်းစိတ်မပွားမိဘဲ ကရုဏာစိတ်သာပွားမိပါလိမ့်မယ်။
ယောဂီတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအ၀၀တွေထဲမှာ လူတွေကလဲ အမျိုးမျိုး၊ စိတ်ထားတွေကလည်း အမျိုးမျိုးနဲ့ ဆက်ဆံနေရပါတယ်။ တချို့တွေကတော့ အကြမ်းနည်းနဲ့ပဲ ဆက်ဆံလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းနည်းကိုမသုံးခင် ယောဂီတို့ရဲ့စိတ်ကို သေသေချာချာလေ့လာပြီး စစ်ဆေးပြီးကြည့်ပါ။ စိတ်ဟာ တကယ်ပဲ မျှတပြီးနေတယ်၊ တည်ကြည်အေးချမ်းနေတယ်၊ အကုသိုလ်စိတ်လုံးဝမရှိဘူး။ နောက်ပြီးတော့လည်း ဒီလိုဆိုးသွမ်းနေတဲ့လူအပေါ်မှာ မေတ္တာကရုဏာအပြည့်လဲ ရှိနေပါတယ်ဆိုရင်တော့ ရဲရဲတင်းတင်းနဲ့ အကြမ်းနည်းကို သုံးသင့်ရင်လဲ သုံးနိုင်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment