၁။ သဒ္ဒါမိတ်ဆွေ
နောက်ပြီး မိတ်ဆွေ ၅-ဦးရှိဖို့လိုပါတယ်။ ပထမမိတ်ဆွေက သဒ္ဓါဖြစ်ပါတယ်။ သဒ္ဓါကြည်ညိုမူ ယုံကြည်မူလိုပါတယ်။ မရှိလို့ကို မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သဒ္ဓါက မှန်ကန်ဖို့ရာ လိုပါတယ်။ လမ်းမှားမသွားဖို့ အရေးကြီးပါတယ်။ ပညာပါတဲ့သဒ္ဓါ ဖြစ်ရပါလိမ့်မယ်။ ပညာပါတဲ့သဒ္ဓါဆိုရင်တော့ တကယ့်နားလည်မူဖြစ်ပြီး မှန်ကန်တဲ့ လမ်းဆုံးပန်းတိုင်ထိ လျှောက်သွားနိုင်မှာ ဖြစ်ပါတယ်။

၂။ ၀ီရိယမိတ်ဆွေ
ဒုတိယမိတ်ဆွေကတော့ ၀ီရိယဖြစ်ပါတယ်။ ကြိုးစားမူလုံ့လထုတ်မူ အားစိုက်မူပေါ့။ အလုပ်လုပ်ရာမှာလည်း လမ်းမှန်တဲ့ ၀ီရိယလိုပါတယ်။
လှေလှော်ကြတဲ့ မိတ်ဆွေ ၄-ဦးပမာ
ပုံပြင်လေးတစ်ခု ပြောပြပါဦးမယ်။ ဗာရာဏသီမြို့က မိတ်ဆွေလေးဦးလသာသာ ညအခါမှာ လှေစီးဖို့ သွားကြပါတယ်။ သူတို့က ဆေးခြောက်တွေရှူထားကြပြီး လှေပေါ်ကျတော့ လေးဦးသား တစ်ညလုံး လှေကို လှော်ကြပါတယ်။ ကြိုးကြိုးစားစား အင်တိုက်အားတိုက် လုံ့လ၀ီရိယနဲ့ လှော်လိုက်ကြတာ ချွေးသီးချွေးပေါက်တွေများ ပြိုင်းပြိုင်းကျတဲ့ အထိပါပဲ။ မနက်မိုးလင်းလို့ ကြည့်လိုက်တော့ သူတို့လှေဟာ ၁-လက်မတောင် မရွေ့သေးပါဘူး။ ဘယ်လိုဖြစ်တာပါလိမ့်။ တစ်ညလုံးလဲ လှော်လိုက်ကြတာ လှော်လိုက်ကြတာ လုံ့လ၀ီရိယ အပြည့်နဲ့ပါပဲ။ စုံစမ်းကြည့်လိုက်တော့ လှေကိုကမ်းနားမှာ ချည်ထားတဲ့ ကြိုးကိုဖြေမှ မဖြေကြဘဲ။ ကြိုးက ချည်ရက်သား တန်းလန်းနဲ့ပဲ။
ဒီလိုပါပဲ။ အမှန်ကို မသိတဲ့ အ၀ိဇ္ဇာနှောင်ကြိုးက ချည်ထားတာဖြစ်နေတော့ ဘယ်လိုပဲ ၀ီရိယစိုက်ထုတ်စိုက်ထုတ် ဘာအကျိုးကျေးဇူးကိုမှ မခံစားရပါဘူး။ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းမှာ ၀ီရိယစိုက်ပါမှ ကိလေသာအညစ်အကြေးတွေ စင်ကြယ်သွားပြီး အကျိုးခံစားရမှာ ဖြစ်ပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းကိုသာ လုံ့လစိုက်နေရင်တော့ နက်ရိုင်းတဲ့အပိုင်းမှာရှိတဲ့ ကိလေသာအညစ်အကြေးတွေ ကျန်ရှိနေဦးမှာပါပဲ။
သစ်ပင်တစ်ပင်ကို ပြုပြင်ပေးရာမှာ အဓိကဖြစ်တဲ့ အမြစ်ကိုတော့ မေ့နေပြီး အကိုင်းအခက်တွေ၊ အရွက်အလက်တွေ၊ အသီးတွေ၊ အပွင့်တွေကိုသာ ပြုပြင်ပေးနေမယ်ဆိုရင် အမြစ်ကတော့ ဆက်လက်ပြီးပျက်စီးနေပြီး သစ်တစ်ပင်လုံး ပြိုလဲသွားတက်ပါတယ်။ အမြစ်ကနေစပြီး ပြုပြင်ပေးဖို့ရာ လိုပါတယ်။ ဒါကြောင့်လဲ တရားကျင့်ရာမှာလည်း ဝေဒနာအဆင့်ကို အထူး ၀ီရိယစိုက်ဖို့ရာ ဖြစ်ပါတယ်။
၃။ သတိမိတ်ဆွေ
တတိယမိတ်ဆွေကတော့ သတိအောက်မေ့ခြင်း၊ သတိရှိနေခြင်းဖြစ်ပါတယ်။ သိရှိနေခြင်း ဖြစ်ပါတယ်။ အခုတကယ်ဖြစ်ပျက်နေတာကို ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်ပျက်နေတာတွေကို ဟုတ်တိုင်းမှန်ရာ တကယ့်ဖြစ်ပျက်နေမူကို သိရှိနေရန်ဖြစ်ပါတယ်။ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကာလထဲကဟာလည်း မဟုတ်ပါဘူး။ နောက်ဖြစ်လတ္တံ့ အနာဂတ်ထဲကလည်း မဟုတ်ပါဘူး။ အခုဒီတစ်ချိန် ဒီတစ်ခဏမှာ တကယ်ဖြစ်ပျက်နေတာကို သိရှိနေဖို့ရာ ဖြစ်ပါတယ်။
၎။ သမာဓိမိတ်ဆွေ
စတုတ္တမိတ်ဆွေကတော့ သမာဓိ = စိတ်ကို တည်မြဲအောင် အာရုံစူးစိုက်ထူထောင်ခြင်း ဖြစ်ပါတယ်။ စိတ်ကိုတည်ကြည်ငြိမ်သက်စွာ ထားခြင်းဖြစ်ပါတယ်။ သမာဓိထူထောင်ရာမှာ စိတ်ကူးနဲ့ အရာဝတ္ထုတစ်ခုခုကို စူးစိုက်ပြီး ထူထောင်ရင်တော့ အဲဒါဟာ မှန်ကန်တဲ့ သမာဓိမဟုတ်ဘဲ မှားယွင်းတဲ့သမာဓိ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်လဲ လိုချင်တောင့်တမူ တဏှာလောဘ၊ မလိုချင်မုန်းထားမူ ဒေါသတို့ အရင်းတည်ပြီး ထူထောင်တဲ့ သမာဓိဆိုပြန်ရင်လဲ မှားယွင်းတဲ့ မိစ္ဆာသမာဓိပဲ ဖြစ်ပါလိမ့်မယ်။
အရင်းခံမှန်ကန်တဲ့ သစ္စာနဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ တကယ်ကိုယ်တွေ့ လက်တွေ့ သိရှိတွေ့ထိခံစားရတဲ့ အရာသာဖြစ်ပြီး ဒီဖြစ်ပျက်တို့ကို တစ်ခဏကနေ တစ်ခဏ၊ တစ်ခဏကနေ တစ်ခဏ တကယ်ဖြစ်ပျက်နေတဲ့ အတိုင်းကို သတိရှိနေပြီး သိနေဖို့ရန် အာရုံကိုစူးစိုက်ထားဖို့ရာ ဖြစ်ပါတယ်။ ဒီလိုသတိနဲ့ အာရုံစူးစိုက်သမျှ အချိန်လေးအတွင်းမှာတော့ မှန်ကန်တဲ့ သမာဓိ၊ သမ္မာသမာဓိ ဖြစ်ပါတယ်။
၅။ ပညာမိတ်ဆွေ
နောက်ဆုံးဖြစ်တဲ့ ပဉ္စမမိတ်ဆွေကတော့ ပညာဖြစ်ပါတယ်။ ဒီမှာလဲ မှန်ကန်တဲ့ ပညာဖြစ်ဖို့ရာလိုပါတယ်။ သူကတစ်ပါးပြောတာကို နားထောင်ပြီး မဟုတ်ရင်လဲ စာအုပ်တွေဖတ်ပြီးသိရတဲ့ စိန္တာမယပညာမျိုးလည်း မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ်တွေ့လက်တွေ့ ခံစားပြီးမှ သိရတဲ့၊ မိမိရဲ့ ကိုယ်ပိုင်ပညာဖြစ်တဲ့ ဘာဝနာမယပညာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီပညာကမှသာ တကယ့်မိတ်ဆွေစစ် ခွန်အားအစစ်ဖြစ်နိုင်ပါတယ်။ ဒီပညာကမှသာ မိမိတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေနိုင်ပါတယ်။ မိမိတို့ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ ဖြစ်ပျက်နေတာကို ကိုယ်တွေ့ ခံစာသိရှိရပြီး ဖြစ်ပျက် ဖြစ်ပျက် နေတာတွေဟာ မမြဲကြပါလား၊ အနိစ္စတွေပါလားလို့ ဆိုတာကို သိရှိနေကြပြီး တုံ့ပြန်မူမလုပ်ပါပဲ ရူရုံမျှသာ ရူနေရင်တော့ ပညာအစစ်အမှန်ပါပဲ။ မိမိတို့ရဲ့ စိတ်အနက်ရိုင်းဆုံးအပိုင်းမှာ ဖြစ်ပျက်နေတာကို ဥပေက္ခာနဲ့ ရူနေနိုင်တာဟာ ပညာပါပဲ။
မိတ်ဆွေတို့ဟာ ဒီနည်းအတိုင်း ဆက်ဆက်ပြီး ကျင့်နေရင် မိမိတို့ရဲ့ နေ့စဉ် နေရေး၊ ထိုင်ရေး၊ လူမူရေး ကိစ္စတွေမှာပေါ်လွင်ထင်ရှားပြီး ပြသကြပါလိမ့်မယ်။ လူ့ဘ၀မှာ လူတိုင်း လူတိုင်းဟာ လောကဓံတရားအရ အတက်အကျရှိကြပါတယ်။ လောကဓံတရားရဲ့ ဖိစီးနှိပ်စက်မူတွေက ခံစားရတဲ့အချိန်မှာ တုန်လူပ်ချောက်ချားခြင်း မရှိဘဲနဲ့ သူတို့ကို ဥပေက္ခာနဲ့ရူပြီး စိတ်ကိုတည်ကြည်မျှတစွာ ထားနိုင်လာပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment