ယတော ယတော သမ္မာသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ
လဘတီ ပီတိပါမောဇ္ဇံ၊ အမတံ တံ ၀ိဇာနာတံ။
အဓိပ္ပါယ်ကတော့ ဒီခန္ဓာကိုယ်နဲ့ စိတ်နှစ်ပါးရဲ့ ရုပ်နာမ်တရား၊ ဖြစ်ပျက်နေတဲ့ ပဉ္စခန္ဓာ ခန္ဓာငါးပါးတို့ကို ဘယ်အခါမဆို၊ ဘယ်နေရာမှာမဆို ကောင်းစွာသတိနဲ့ အာရုံပြုလိုက်လို့ရှိရင် ဥဒယဗ္ဗယ = ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်တွေ ဖြစ်နေတာကို သိရှိခံစားနိုင်ပါတယ်။
ယောဂီတို့ဟာ ကိုယ်တွေ့လက်တွေ့ ဘာဝနာမယဉာဏ်နဲ့ တကယ်ဖြစ်ပျက်နေတာတွေကို ခံစားတွေ့ရှိပြီး သိရှိနေပါတယ်။ ရုပ်နာမ်တရားကို ဝေဒနာအဖြစ်နဲ့ ဖော်ပြနေပါတယ်။ ကြမ်းတမ်းတဲ့ ဝေဒနာဆိုရင် ဖြစ်ပေါ်လာပြီး အချိန်ခဏလေးနေပြီး ပျောက်ကွယ်ပြီး အပြီးချုပ်ငြိမ်းသွားပါတယ်။ သိမ်မွေ့တဲ့ဝေဒနာတွေဆိုရင်တော့ လိုင်းကလေးတွေလို တုန်လူပ်ခါယမ်းနေတဲ့ သဘောနဲ့ တဖွဖွတရွရွ ဖြစ်ပေါ်လာပြီး ချက်ချင်းတခဏလေး အတွင်းမှာပဲ ပျက်စီးပျောက်ကွယ်သွားကြပါတယ်။
ဒါပေမယ့် ဒီနှစ်မျိုးရဲ့ လက္ခဏာကတော့ အတူတူပါပဲ ဥဒယဗ္ဗယ ဖြစ်ပျက်ဖြစ်ပျက်ပါပဲ။ ဒါကိုယောဂီတို့က ခန္ဓာကိုယ်ဘောင်အတွင်းမှာ ခံစားပြီး သိရှိနေရမှာ ဖြစ်ပါတယ်။ ယောဂီတို့စိတ်ဟာ ခန္ဓာကိုယ်မှာ နေရာမရွေး ဘယ်အစိတ်အပိုင်းကိုပဲ အာရုံပြုလိုက်ပြုလိုက် စိတ်နဲ့ ကိုယ်ခန္ဓာထိတွေ့မူ ရှိတဲ့အခါမှာ ဝေဒနာကို ခံစားရပါတယ်။ တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရားကို ရူနေတဲ့အခါမှာ ယောဂီတို့ဟာ တုန့်ပြန်မူမရှိဘဲ ဥပေက္ခာနဲ့ ရူနေတယ်ဆိုရင် ကိလေသာအညစ်အကြေးတွေဟာ အလွှာလိုက် အလွှာလိုက်ကွာကျပြီး ပျောက်ကွယ်သွားကြပါတယ်။
ယောဂီတို့ဟာ ကိလေသာတွေနည်းလာပြီး သန့်ရှင်းလာတဲ့အခါကျတော့ “လဘတီပီတိ ပါမောဇ္ဇံ”ဆိုတဲ့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလာခြင်း၊ အေးချမ်းချမ်းသာလာခြင်း၊ (ကျေနပ်နှစ်သက် ၀မ်းသာခြင်း)များကို ခံစားရပါတယ်။ ဒီခံစားရမူဟာ လမ်းစဉ်ရဲ့ အဆင့်တစ်ခု စခန်းတစ်ခု ဖြစ်ပါတယ်။ ဒီစခန်းကိုရောက်တဲ့ ယောဂီဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြမ်းတမ်းတဲ့ အစိုင်မခဲ ဝေဒနာတွေ လုံးဝမရှိတော့ပဲ အင်မတန်သိမ်မွေ့တဲ့ ဝေဒနာတွေကို ရေစီးသလို စီးနေတာတွေကို ခံစားရတတ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment