တရားလမ်းပေါ်မှာ သန့်ရှင်းရေးလမ်းပေါ်မှာ လွတ်မြောက်ရေးလမ်းပေါ်မှာ တိုးတက်မူရှိမရှိ တိုင်းထွာမူစံချိန်ကတော့ ဥပေက္ခာတရားပါပဲ။ ယောဂီဟာ ဉာဏ်စဉ်တက်တယ်။ ဘယ်လောက်အထိ တက်နေတယ်ဆိုတာ အရေးကြီးတာ မဟုတ်ပါဘူး။ ဘင်္ဂဉာဏ်ရောက်နေပြီး တစ်ကိုယ်လုံး အတားအဆီး အပိတ်အပင်မရှိ ရေစီးသလို စီးနေတယ်။ အစိုင်အခဲဆိုလို့ ဘာမှမရှိတော့ဘူးဆိုရင်တောင်မှ ဥပေက္ခာကတော့ မရှိဘူး။ ဝေဒနာတွေကို သာယာနေတယ်၊ တပ်မက်နေတယ်ဆိုရင်တော့ တရားလမ်းစဉ်မှာ တိုးတက်မူမရှိတော့ပါဘူး။
သာယာဖွယ်ဖြစ်တဲ့ သိမ်မွေ့တဲ့သုခဝေဒနာတွေကို လောဘမပွားပဲ မသာယာတဲ့ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာတွေကိုလဲ ဒေါသမပွားပဲ ဥပေက္ခာ ပဲပွားပြီးရူနေရင်တော့ ယောဂီဟာ တရားလမ်းစဉ်ပေါ်မှာ တိုးတက်မူရှိနေတာ ဖြစ်ပါတယ်။ ခံစားရသမျှ ဘယ်လိုဝေဒနာမျိုးကိုပဲဖြစ်ဖြစ် ဥပေက္ခာနဲ့ရူနေခြင်းသာ ဒီဝိပဿနာကမ္မဋ္ဌာန်းရဲ့ အနှစ်သာရပါပဲ။ ယောဂီတို့ ဒီလိုဆက်ပြီးကျင့်သွားကြရင် ပိုပိုပြီးစင်ကြယ် စင်ကြယ်လာပါလိမ့်မယ်။
မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း ဒီလိုပဲ ကျင့်ခဲ့တာပါပဲ။ ဒီလိုကျင့်စဉ်နဲ့ သံသရာဝဋ်ဆင်းရဲက လုံးဝလွတ်မြောက်ခဲ့တဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်ခဲ့ပါတယ်။ လူနတ်သတ္တ၀ါတွေကိုလဲ ဒီတရားဘဲ ညွှန်ကြားပါတယ်။ “ယောဂီတို့ ဥပေက္ခာ ပွားကြပါ၊ ဥပေက္ခာပွားကြပါ၊ ဥပေက္ခာနဲ့ ဆင်းရဲအပေါင်းက လွတ်မြောက်ခဲ့ကြပါ”
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment