ဒီသောတာပန်ပုဂ္ဂိုလ်က ဆက်ပြီးတရားကျင့်ကြံသွားရင် ကံဟောင်းတွေ၊ သင်္ခါရအဟောင်းတွေက ပိုပိုလွတ်မြောက်လာပြီး ပိုမိုသန့်ရှင်းစင်ကြယ်လာတော့ နောက်တစ်ဆင့်ဖြစ်တဲ့ သကဒါဂါမ်အဆင့်ကို ရောက်ပါတယ်။ ဒီကနေဆက်လက်ပြီး သန့်ရှင်းသထက် သန့်ရှင်းအောင် ကျင့်ကျင့်လာပြန်ရင် တတိယအဆင့်ဖြစ်တဲ့ အနာဂါမ်အဆင့်ကို ရောက်ပါလိမ့်မယ်။
ဒီအဆင့်ကိုရောက်တော့လည်း တရားကျင့်တာကို ရပ်လို့မရသေးပါဘူး။ ဆက်လက်ပြီး ကြွင်းကျန်နေသေးသမျှ ကိလေသာအညစ်အကြေးတွေ ကံဟောင်းတွေကို ချေမူန်းပစ်ရပါလိမ့်ဦးမယ်။ ဒီလိုနဲ့ ၀ိသင်္ခါရဂတံ စိတ္တံ = ဇာတိ တစ်ခါပြန် ဖြစ်စေတဲ့ သင်္ခါရတွေအားလုံး မရှိတော့ဘဲ လုံးဝ ကင်းစင်သွားတဲ့ အဆင့်ကို ရောက်တော့မှ ကံဟောင်းတို့ ကိလေသာအညစ်အကြေးတို့ဆိုလို့ မြူမူန်မျှမကျန် မရှိတော့ပါဘူး။
သင်္ခါရတွေလုံးဝမရှိတော့တဲ့ နောက်ဘ၀သစ်တစ်ခု မဖြစ်နိုင်တော့တဲ့ အဆင့်ကိုရောက်ပြီး ဘ၀ဒုက္ခက လုံးဝလွတ်မြောက်ပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုသူ အရိယာပုဂ္ဂိုလ်ဟာ ရဟန္တအဖြစ်ကို ရရှိပါတယ်။ လမ်းစဉ်က တစ်လှမ်းပြီးတစ်လှမ်း တစ်ဆင့်ပြီးတစ်ဆင့် လမ်းဆုံးပန်းတိုင်အထိ လျှောက်ရမှာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment